မန်ယူ တိုက်စစ်သမား လူကာကူကို ခေါ်ယူလိုနေတဲ့ အင်တာမီလန်ဟာ လာမယ့် ၂၄ နာရီအတွင်း ပေါင် ၆၂.၈ သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကမ်းလှမ်းမှုကတော့ နှစ်ရာသီ အငှားခေါ်ယူခွင့်ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်ဆိုင်ရာ သဘောတူညီမှုလည်း ပါဝင်မှာ ဖြစ်တယ်။ စီးရီးအေ ကလပ်ဟာ ဘယ်ဂျီယံ တိုက်စစ်သမားကို ပေါင် ၉ သန်းနဲ့ အငှားခေါ်ယူမှာဖြစ်ပြီး အငှားကာလ ကုန်ဆုံးချိန်မှာ ပေါင် ၅၄ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်မှာဖြစ်ပါတယ်။

ကစားသမားဘက်ကတော့ မီးစိမ်းပြထားခဲ့လို့ လူကာကူရဲ့ အေးဂျင့်ဖြစ်သူက ဒီအပတ် အစောမှာတည်းက အီတလီကို ရောက်နေခဲ့ပြီဖြစ်ပြီး ညိနှိုင်းမှုကိစ္စတွေကို ဆောင်ရွက်ထားခဲ့ပြီဖြစ်တယ်။ အင်တာမီလန် မန်နေဂျာဖြစ်သူ ကွန်တီက လူကာကူကို ၂၀၁၇ ခုနှစ်တည်းက အလိုရှိခဲ့ပြီး ခေါ်ယူမှု မအောင်မြင်တဲ့နောက် ဘယ်ဂျီယံသားဟာ မန်ယူအသင်းထံ ရောက်သွားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ညိနှိုင်းသဘောတူညီမှု အောက်ကနေ ဇွန်လ ၃၀ ရက်မှ လွတ်မြောက်မှာဖြစ်ပြီး ဒါကြောင့်လည်း ထို ရက်မတိုင်ခင် လူကာကူ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်ဖို့ လောနေခြင်း မရှိတာဖြစ်ပါတယ်။

မန်ယူက လူကာကူအတွက် ထပ်ဆောင်းကြေး ပေါင် ၁၅ သန်းကိုပါ အဲဗာတန်ကို ပေးအပ်ခဲ့ရပြီး ဖြစ်တာကြောင့် ၄င်း အတွက် သုံးစွဲခဲ့ရတဲ့ စရိတ်များကာမိစေရန် ပေါင် သန်း ၈၀ ၀န်းကျင်ရမှသာ ရောင်းချရန် ကြံရွယ်နေခဲ့ပေမယ့် အဆိုပါ ပြောင်းရွှေ့ကြေးကို ရောက်ဖို့တော့ မရှိပါဘူး။

လူကာကူဟာ ဟိုဆေးမော်ရင်ညို လက်ထက် ၂၀၁၇ နွေရာသီမှာ အဲဗာတန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာ ယူနိုက်တက် မှာ နှစ်ရာသီ ကြာခဲ့ပြီ ဖြစ်ပါတယ်။ သရဲနီတွေအတွက် ၉၆ ပွဲမှာ ၄၂ ဂိုး သွင်းယူခဲ့ပေမယ့်လဲ လူကာကူဟာ အိုးလ်ထရက်ဖို့ဒ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။