မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ အင်္ဂလန်သား ညာအစွန်လူ ဘစ်ဆာကာကို ၅ နှစ် သက်တမ်းရှိ စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသင်းဝဘ်ဆိုဒ်ကနေ အတည်ပြု ကြေငြာခဲ့ပါပြီ။
အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ခံစစ်မှူးအတွက် မန်ယူက ကနဦး ပေါင် ၄၅ သန်းပေးရမှာဖြစ်ကာ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ၅ သန်း ပေးရမှာဖြစ်ပါတယ်။
ဘစ်ဆာကာဟာ မန်ယူမှာ ကျောနံပါတ် ၂၉ ဝတ်ဆင်ကစားမှာဖြစ်ပြီး တစ်ပတ်ကို လုပ်ခ ပေါင် ၈၀၀၀၀ ကျော် ရရှိမှာဖြစ်တယ်။ သူဟာ ငါးနှစ်သက်တမ်း ချုပ်ဆိုခဲ့ခြင်း ဖြစ်ပေမယ့် နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါရှိပါတယ်။
အင်္ဂလန်လူငယ်လေးဟာ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် ခေါ်ယူမှုတွေထဲမှာ ပေါ့ဘာ (ပေါင် ၈၉ သန်း)၊ လူကာကူ (ပေါင် ၇၆ သန်း)၊ ဒီမာရီယာ (ပေါင် ၅၉.၇ သန်း) တွေနောက် စတုတ္ထမြောက် ကြေးအကြီးဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
လျင်မြန်ပြီး တွန်းတွန်းတိုက်တိုက် ကစားကာ အားကစား စိတ်ဓာတ် အပြည့်နဲ့ ခံစစ်မှူးက ပြီးခဲ့တဲ့ ရာသီမှာ ပဲလေ့စ်အတွက် ၃၈ ပွဲ ပွဲထွက်ကစားထားခဲ့ကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။