မန်စီးတီးက ဟော့ဖန်ဟိမ်းအသင်းကို အီသီဟတ်မှာ ၂-၁ နဲ့ နိုင်ပွဲအပြီး ဂွာဒီယိုလာက ဖိုဒန်ကို အခုလို ချီးကျူးပါတယ်။ ” ထူးချွန်တဲ့ လူငယ်လေးပါ။ အင်္ဂလန်အတွက် စိန်ကောင်းတစ်ပွင့်ပါပဲ။ ဒုတိယပိုင်း ကစားပုံက အရမ်းကောင်းပါတယ်။ ဘောလုံးကိုင်ကစားနိုင်ရုံတင်မကပဲ သန်မာတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ”

ဂါလာတာစာရေး ဥက္ကဌ Mustafa Cengiz ဟာ မန်စီးတီးအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အင်္ဂလန်သို့ လာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ တူရကီကလပ်နဲ့ မန်စီးတီးအသင်းတို့က မဟာဗျူဟာမြောက် Partner များအဖြစ် လက်တွဲဖို့ ဆွေးနွေးကြမှာ ဖြစ်ပြီး နောင်တချိန်မှာ စီးတီးလူငယ်ကစားသမားတွေကို ပွဲထွက်ကစားခွင့် ပိုမိုရလာဖို့ ဂါလာတာစာရေးသို့ စေလွှတ်တာတွေ ရှိလာမှာပါ။

မန်စီးတီးကစားသမား စတားလင်းက နိုဝင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို အသင်းဖော် ဒေးဗစ်ဆေးလ်နဲ့ ဆာနေး၊ လီဗာပူးမှာ ရော်ဘတ်ဆန်၊ အဲဗာတန်မှ Lucas Digne ၊ ၀က်စ်ဟမ်းတိုက်စစ်မှူး အန်ဒါဆန်၊ တော့တင်ဟမ်မှာ ဆစ်ဆိုခိုတို့ကို ကျော်ဖြတ်ပြီး ရရှိသွားပါတယ်။

ယူနိုက်တက်က ဗလန်စီယာနဲ့ပွဲမှာ ၂-၁ နဲ့ အရေးနိမ့်သွားပါတယ်။ ပြိုင်ဘက် ဂျူဗင်တပ်ကလည်း အဝေးကွင်းမှာ ၂-၁ နဲ့ပဲ အရေးနိမ့်ခဲ့တာဖြစ်ပြီး အုပ်စု H မှာတော့ ဂျူဗင်တပ်က အုပ်စုပထမ ယူနိုက်တက်က အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်သွားပါတယ်။

ပေါ့ဘာနဲ့ မော်ရင်ညိုကြား ဆက်ဆံရေး ပြန်လည်တင်းမာလာနေတဲ့ ကြားကပဲ မန်နေဂျာ မော်ရင်ညိုက ပေါ့ဘာကို ခေါ်ယူခြင်းဟာ ၄င်း ဆုံးဖြတ်ချက်မဟုတ်ဘဲ စီးပွားရေးနဲ့ သက်ဆိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ‘ကိုယ်ခေါ်တဲ့ ကစားသမား သဘောသဘာဝမှ မသိဘူးလား လူတွေက မေးကြတယ်.. ဟုတ်တယ် သူတို့ ပြောတာ မှန်တယ်.. ဒါပေမယ့် တခါတလေ ကစားသမား ခေါ်ယူတာက အားကစားအတွက်ထက် အခြား အကြောင်းကိစ္စတွေ ရှိတယ်။ သူတို့ကို ခေါ်တာ ငှားရမ်းတာတွေက နည်းပြတွေပေါ်မှာပဲ အမြဲ မမူတည်ဘူး” လို့ မော်ရင်ညိုက ပြောကြားလိုက်တာပါ။

အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ မာတာက ယူနိုက်တက်မှာ ပျော်ရွှင်နေကြောင်းနဲ့ အသင်းဘက်က သက်တမ်းတိုး စာချုပ် ကမ်းလှမ်းပါက ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာတာကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ် မန်နေဂျာဆိုလာရီက သဘောကျနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒရိုင်းမာတင်ကို ဖြတ်ထုတ်ခဲ့မှုက အနီကတ်ရသင့်တယ်ဆိုတဲ့ ဝေဖန်မှုများအပေါ် လီဗာပူးခံစစ်မှူး ဗန်ဒိုက်က တဖက်အသင်းသားကို နာစေလိုတဲ့စိတ်နဲ့ ရည်ရွယ်ခဲ့တာ မဟုတ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ ဘောလုံးကို ဖြတ်ထုတ်ဖို့သာ အာရုံစိုက်ခဲ့ပြီး ကံမကောင်းစွာဘဲ မာတင်ရဲ့ ခြေထောက်ကို ထိခဲ့မိတယ်လို့တော့ ဗန်ဒိုက်က ၀န်ခံခဲ့ပါတယ်။

နာပိုလီနဲ့ပွဲမှာ ပခုံးဒဏ်ရာရခဲ့တဲ့ မာတစ်ဟာ 6 ပတ်ထိ အနားယူရပါမယ်။ မကြာခင်မှာ ခွဲစိတ်မှုခံယူသွားရဖို့လည်း ရှိနေပါတယ်။

နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေက ၄င်းတို့ဟာ အန်းဖီးလ်မှာ လီဗာပူးအသင်းကို ကြောက်ရွံ့နေခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ နာပိုလီက သရေကျရင်ပင် အုပ်စုက တက်မှာ ဖြစ်ပေမယ့် လိုချင်တဲ့ ရလဒ်ကို မယူနိုင်ခဲ့ဘဲ အိမ်ရှင်အသင်းကို အရှုံးပေးခဲ့ရကာ ယူရိုပါလိဂ်သို့ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ုစစ်မှူး ဆာလက်ဟာ အန်းဖီးလ်မှာ ကစားတဲ့ နောက်ဆုံး ၂၄ ပွဲမှာ ၂၅ ဂိုး သွင်းယူထားတာ ဖြစ်ကာ သူ့ရဲ့ နောက်ဆုံး ၃၇ ပွဲမှာ ၃၅ ဂိုး သွင်းထားပါတယ်။ ချန်ပီယံလိဂ်ဂိုး ၁၄ ဂိုး ရှိသွားပြီ ဖြစ်တဲ့ ဆာလက်က လီဗာပူး ဂန္တ၀င်ကြီး အိုင်ယန်ရပ်ရှ်နဲ့ စံချိန်တူသွားပြီ ဖြစ်ကာ ဆာလက်ရှေ့မှာ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး လီဗာပူးအသင်းသား အဖြစ် ဂိုး ၃၀ သွင်းထားတဲ့ စတီဗင်ဂျရတ်သာ ရှိပါတယ်။

ချယ်ဆီးကစားသမား ဟာဇက်က ၄င်းအနေနဲ့ အခြား နာမည်ကျော်ကစားသမားများ ကဲ့သို့ Ballon d’Or ဆုကို လိုချင်တပ်မက်စိတ် မရှိကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါ ဆုမျိုး ရရှိခဲ့ပါက ၀မ်းမြောက်မှာ ဖြစ်ပြီး မရခဲ့ရင်လည်း တသသ နောင်တရနေမှာ မဟုတ်ဘူးလို့ ဘယ်လ်ဂျီယံသားက ပြောခဲ့တာပါ။

အီတလီဘက်က သတင်းများအရ ချယ်ဆီးနည်းပြ ဆာရီနဲ့ ၄င်းလက်ထောက် ဇိုလာတို့ဟာ အီတလီကလပ် Cagliari မှ ကွင်းလယ် ကစားသမား Nicolo Barella ကို လက်ဦးမှုယူကာ ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိ၇ပါတယ်။ ပေါင် သန်း ၄၀ ခန့် တန်ကြေး ရှိတဲ့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးကို စပါးနဲ့ လီဗာပူးတို့ကလည်း ချိတ်ဆက်နေတာပါ။

ရာသီကုန်ရင် စာချုပ်ကုန်မှာ ဖြစ်တဲ့ ချယ်ဆီးကစားသမား ဖာဘရီဂတ်စ်ကို ဇန်န၀ါရီမှာ ခေါ်ယူဖို့ အေစီမီလန်အသင်းက ဈေးညှိနှိုင်း လိုနေပါတယ်။ ချယ်ဆီးအသင်းက ယူရို ၁၀ သန်း အလိုရှိနေပြီး အေစီမီလန်ကတော့ ထိုပမာဏထက် လျှော့စေလိုနေပါတယ်။

အာဆင်နယ် နည်းပြ အမ်မရီက ကွာရာဘတ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ခံစစ်မှူး အများအပြား ဒဏ်ရာနဲ့ ပွဲပယ် ရှိနေပြီး ၀ါရင့်ခံစစ်မှူး အသင်းခေါင်းဆောင် ကိုစီရယ်နီကို ပါဝင်ကစားစေဖို့ ရှိတယ်လို့ ပြောကြားထားပါတယ်။ သီတင်းပတ်ကုန် ဆောက်သမ်တန်နဲ့ပွဲအတွက်တော့ ကိုစီရယ်နီ ပါဝင်နိုင်မလား စောင့်ကြည့် ဆုံးဖြတ်ဦးမယ်လို့ ၄င်းက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ပေါင် ၁၀ သန်းနဲ့ ရနိုင်မယ့် စပိန်ကလပ် Real Valladolid မှ ခံစစ်မှူး Calero ကို လာမယ့် ဇန်န၀ါရီမှာ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ Calero ကို ဂျာမန်ကလပ် ဒေါ့မွန်ကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

ကွာရာဘတ်နဲ့ ပွဲမှာ အိုဇေးလ် ပါဝင်နိုင်မလား အမေးကိုတော့ အမ်မရီက မသိသေးကြောင်း ဖြေကြားခဲ့ပါတယ်။ အိုဇေးလ်က အဆိုပါပွဲအတွက် ပြင်ဆင်ထားတဲ့ ၁၈ ယောက် ကစားသမား အုပ်စုထဲမှာ ပါဝင်နေပြီး ကစားဖြစ်မလားကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ဘာစီလိုနာဟာ စပါးအသင်းကို ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူတို့ ကာလရှည် ထိန်းလာတဲ့ စံချိန်တစ်ခု ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြိုင်ဘက်အသင်းထက် ဘောလုံးပိုင်ဆိုင်မှု အမြဲ အသာနဲ့ ကစားခဲ့တာ ၇၂ ပွဲ ရှိခဲ့ပြီ ဖြစ်ကာ စပါးနဲ့ပွဲမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၈% သာ ရှိခဲ့ပါတယ်။

စပါးအသင်း ခေါ်ယူဖို့ စောင့်ကြည့်ထားတဲ့ နော်ဝေသား ကွင်းလယ်ကစားသမား Sander Berge ကို ရိုးမားအသင်းကလည်း ခေါ်ယူလိုလာပါတယ်။ အသက် ၂၀ အရွယ် လူငယ်ကစားသမားလေးက ဘယ်လ်ဂျီယံ ပထမတန်းကလပ် Genk မှာ ကစားနေသူဖြစ်ပြီး ၄င်းကို ခေါ်ဖို့ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းလောက် သုံးရဖွယ် ရှိပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်သွားပြီးတဲ့နောက် စပါးတိုက်စစ်မှူး ကိန်းက အသင်းမန်နေဂျာ ပိုချက်တီနိုက အလွန် ထူးချွန်တဲ့ မန်နေဂျာ သိပ်တော်တဲ့ လူတစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။