ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) မှာတော့ သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အင်္ဂလန်ဒါဘီလို့တင်စားကြတဲ့ လစ်ဗာပူးလ်နဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲက ကမ္ဘာ့ဘောလုံးပရိသတ်တွေကို စောင့်ကြို နေပါတယ်။

ပရီးမီးယားလိဂ် (၁၆) ပွဲကစားလို့အပြီးမှာတော့ လစ်ဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်း ထဲသော အသင်းအဖြစ် ရပ်တည်နေပြီး အမှတ်ပေးဇယားကိုလည်း ဦးဆောင်ခွင့်ရရှိထားပါတယ်။ မန်ယူအသင်းကတော့ လက်ရှိရာသီမှာလည်း ရုန်းကန်နေရဆဲ ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာ အထိရောက်ရှိနေပါတယ်။  နှစ်သင်းကြားထဲက ရမှတ်ကွာဟမှုဟာလည်း (၁၆) မှတ်ထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်သင်းဟာ ဘယ် အခြေ အနေကိုပဲ ရောက်နေနေ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေမှာတော့ အကြိတ်အနယ်ကစားလေ့ရှိတဲ့ အစဉ်အလာ ကတော့ ရှိနေစမြဲဖြစ်တာကြောင့် ကြည့်လို့ကောင်းမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာမှာအသေအချာပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း

လာမယ့်ပွဲစဉ်ဟာ လစ်ဗာပူးလ်နဲ့ မန်ယူတို့ရဲ့ သမိုင်းတစ်လျှောက်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀၁) ပွဲမြောက်အဖြစ် တွေ့ဆုံ ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် (၂၀၀) မှာတော့ လစ်ဗာပူးလ်အသင်းဟာ (၆၅) ပွဲ အနိုင်ရရှိခဲ့ပြီး မန်ယူကတော့ ပွဲပေါင်း(၈၀) အနိုင်ရရှိခဲ့ပါတယ်။ (၅၅) ပွဲကတော့ သရေရလဒ်အဖြစ်ထွက်ပေါ်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ မန်ယူနဲ့ နောက်ဆုံးတွေ့ဆုံကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲမှာ လုံးဝနိုင်ပွဲမရရှိခဲ့ပဲ (၃) ပွဲသရေကျကာ (၅) ပွဲအထိ ရှုံးနိမ့် ထားပါတယ်။ လစ်ဗာပူးလ်အိမ်ကွင်းအန်ဖီးလ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲစလုံးမှာလည်း မန်ယူဟာ ဂိုးမရှိသရေ ရလဒ်ရရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတွေ့ဆုံကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲမှာလည်း မန်ယူဟာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ကိုရရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

ဒဏ်ရာရ ပွဲပယ်ကစားသမားစာရင်း

လစ်ဗာပူးလ် – အလက်ဇန္ဒားအာနိုးလ် (မသေချာ)၊ ဂျိုးဂိုးမက်စ်၊ ဂျိမ်းစ်မီလ်နာ (ပါဝင်လာနိုင်)၊ ဂျိုရယ်မာတစ်။
မန်ချက်စတာယူနိုက်တက် – ဆန်းချက်၊ စမောလင်း၊ လုခ်ရှော၊ လင်ဒီလော့ဖ်။

ပွဲကြိုသုံးသပ်ချက်နှင့် ခန့်မှန်းရလဒ်

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူကို အနိုင်မရခဲ့တာဟာ တော်တော်လေးကို ပွဲဆက်နေပြီ ဖြစ်ပါတယ်။ အန်ဖီးလ်မှာ ကစားရမယ့်ပွဲစဉ်ဖြစ်လို့ လစ်ဗာပူးလ်အနေနဲ့ တိုက်စစ်ဆင်ကစားသွားနိုင်ခြေရှိပေမယ့်လည်း လက်ရှိ ရာသီမှာ အသင်းကြီးနဲ့ တွေ့ဆုံတဲ့ပွဲစဉ်တိုင်း အနိုင်ရလဒ်ထက်စာရင် ထိန်းကစားသွားတာက ပိုများနေတဲ့အတွက် ဒီပွဲမှာလည်း နည်းပြယာဂင်ကလော့ပ်အနေနဲ့ ဘယ်လိချဉ်းကပ်သွားမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ နာပိုလီနဲ့ပွဲစဉ်မှာတော့ နည်းပြကလော့ပ်ဟာသူတို့ရဲ့နာမည်ကျော်ကစားကွက်ဖြစ်တဲ့ ဖိအားပေး တိုက်စစ်ဆင်မှုတွေနဲ့ ကစားသွားစေခဲ့ပါတယ်။ လက်ရှိလစ်ဗာပူးလ်ရဲ့ခံစစ်တန်းမှာ ဗန်ဒိုက်နဲ့အတူ ပုံစံကောင်းတွေ ပြသနေတဲ့ ဂျိုးဂိုးမက်စ်အနေနဲ့ ဒဏ်ရာရရှိနေတာကတော့ အိမ်ရှင်အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းကတော့ လက်ရှိရာသီမှာ ပုံစံကောင်းတွေပြသဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမယ့်လည်း အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ စပါးနဲ့ မန်စီးတီးတို့ကိုသာ ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်၊ ချဲလ်ဆီး အစရှိတဲ့ အသင်းတွေကို သရေကျအောင် ကစားထားနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ တစ်ပွဲတိုး ကောင်းမွန်မှုတွေဟာလည်း လစ်ဗာပူးလ်အနေနဲ့ သတိထားသွားရမယ့်အချက်ထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့် အန်ဖီးလ်မှာ ကစားရမယ့် ဒီပွဲစဉ် မှာတော့ တိုက်စစ်မှာပုံစံကောင်းတွေပြန်ရလာပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲမှာ(၈) ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့တဲ့ လစ်ဗာပူးလ်အသင်းကို မန်ယူနောက်တန်းက ထိန်းချုပ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ လစ်ဗာပူးလ်အနေနဲ့ ဖိအားပေး တိုက်စစ်ဆင်မှုတွေ မပြုလုပ်ပဲ ပိုင်ဆိုင်မှုကိုသာ အဓိကအသားပေးကစားသွားမယ်ဆိုရင်တော့ မန်ယူကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းလိုက်ရပါတယ်။

ခန့်မှန်းရလဒ် ။ ။ လစ်ဗာပူးလ် ၂ – ၁ မန်ချက်စတာယူနိုက်တက်။