ချယ်ဆီးအသင်းဟာ နည်းပြသစ် အဖြစ် လမ်းပတ်ကို တရားဝင် ကြေငြာခန့်အပ်တော့မှာ ဖြစ်ပြီး သတင်းတွေကတော့ ပိုမို လှုပ်ခတ်နေပါတယ်။ လမ်းပတ် တစ်ယောက် ချယ်ဆီးအသင်းမှာ ရမယ့် လုပ်ခလစာ၊ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ပါက ရရှိနိုင်မယ့် ဆုကြေးများလည်း သတင်းထွက်လာပါတယ်။
ချယ်ဆီး အတွက် ယူရိုပါလိဂ် ဖလား ရယူပေးနိုင်ခဲ့တဲ့ ဆာရီဟာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ သွားခဲ့ပြီး ချယ်ဆီး အသင်း ဟာ ဒါဘီမှာ နည်းပြလုပ်နေတဲ့ အသင်း ကစားသမားဟောင်း လမ်းပတ်ကို ဒီတပတ်အတွင်းမှာပဲ အမြဲတမ်း နည်းပြ အဖြစ် တရားဝင် ကြေငြာတော့မှာပါ။
ထွက်ပေါ်ခဲ့တဲ့ သတင်းများ အရ လမ်းပတ်ဟာ ချယ်ဆီးအသင်းနဲ့ (၃) နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် (၄) သန်း အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပတ်ရဲ့ စာချုပ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိခဲ့မယ်ဆိုရင် ပေါင် (၁) သန်းနဲ့ အခြားသော မက်မောစရာ ဘောနပ်စ်များလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
လောလောဆယ် လမ်းပတ် နဲ့ လက်တွဲနေတဲ့ လက်ထောက် နည်းပြ ဂျော်ဒီမော်ရစ်၊ ခရစ္စဂျုံးစ်တို့ကိုလည်း လမ်းပတ်က ချယ်ဆီးအသင်းထံ ခေါ်ဆောင်လာလိုနေပါတယ်။
လမ်းပတ်ရဲ့ လက်ရှိကလပ် ဒါဘီ အသင်းပိုင်ရှင် မဲလ်မောရစ်ကလည်း လမ်းပတ်နဲ့ပတ်သက်ပြီး လမ်းပတ် အနေနဲ့ ချဲလ်ဆီး နည်းပြ ဖြစ်လာရန် အချိန် အတိုင်း အတာ တစ်ခုသာ လိုအပ်တော့ကြောင်း ၀န်ခံ ပြောကြားခဲ့ပါတယ်။
” ရာသီကြို လေ့ကျင့်ရေး အစီအစဉ်ရဲ့ ပထမပိုင်း နေ့ရက်တွေမှာ ဆေးအဖွဲ့၊ အားကစား သိပ္ပံ အသင်းတွေရဲ့ ညွှန်ကြားမှုနဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ ဖရန့် (လမ်းပတ်) ကချယ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာမှာဖြစ်ပြီး အသင်း အနေနဲ့လည်း လမ်းပတ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် တစ်ယောက် ရှာဖွေနေပြီ ဖြစ်ကြောင်း” ဒါဘီ အသင်းဘက်က တရားဝင် ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
လမ်းပတ်ဟာ သောကြာနေ့မှာ စတင်မယ့် ချယ်ဆီးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ် အမှီ တရားဝင် စာချုပ်ချုပ်ဆိုဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လမ်းပတ်ရဲ့ ချယ်ဆီးနည်းပြ အဖွဲ့ဝင် စာရင်းထဲမှာ အိုင်ယာလန် လက်ရွေးစင် ဂိုးသမားဟောင်းကြီး ရှေးဂစ်ဗင်းလည်း ဂိုးနည်းပြ အဖြစ် ပါဝင်လာနိုင်ပါတယ်။