ချယ်ဆီးနည်းပြ ဆာရီက ကာဟေးလ်ရဲ့ အနာဂတ်ကို ၄င်း ဆုံးဖြတ်မှာ မဟုတ်ပေမယ့် အသင်းကစားပုံနဲ့ ကာဟေးလ်က မသင့်တော်တော့ဘဲ ကြံ့ခိုင်မှု အပြည့် မရှိတော့ဘူးလို့ မှတ်ချက်ပြုလိုက်ပါတယ်။ ဒါ့အပြင် သူ့မှာ ကာဟေးလ်အပေါ် လေးစားမှု အပြည့်ရှိကြောင်းနဲ့ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ယူရိုပါလိဂ်ပွဲ အုပ်စုပွဲစဉ်မှာ Vidi အသင်းကို ၂ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းအတွက် ဂိုးတွေကို ဝီလျံနဲ့ ဂျီရူးတို့က ဖရီးကစ်ကနေ သွင်းယူပေးခဲ့တာပါ။

အဲဗာတန်ကနေ ယူနိုက်တက်သို့ မပြောင်းရွှေ့ခင် ချယ်ဆီးအသင်းဆီ ပြန်သွားဖို့ ဆွေးနွေးမှု မအောင်မြင်ခဲ့ရခြင်းအပေါ် လူကာကူက စိတ်ပျက်မိခဲ့တယ်လို့ ဆိုပါတယ်။ လူကာကူရဲ့ အေးဂျင့် ရွိုင်းအိုလာက ချယ်ဆီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု ရှိခဲ့ပေမယ့် အောင်မြင်စွာ အဆုံး မသတ်နိုင်ခဲ့တာပါ။

အာဆင်နယ်ဟာ ကွာရာဘတ်ကို ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပွဲမှာ လာကာဇက်တီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒါကြောင့် ယူရိုပါလိဂ် အုပ်စုအဆင့်မှာ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်ကို တက်သွားပါပြီ။

အာဆင်နယ် လူငယ်ကစားသမားလေး စမစ်ရိုဝီဟာ ကွာရာဘတ်နဲ့ ယူရိုပါလိဂ်ပွဲကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ အုပ်စုက တက်ပြီး ဖြစ်တဲ့ ယူရိုပါလိဂ်ပွဲအတွက် အမ်မရီက လူငယ်တွေကို အခွင့်အရေးပေး ကစားစေဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ဂန္တ၀င်ကြီး အိုင်ယန်ရိုက်က ဗန်ပါစီ ကစားသမားဘ၀ အဆုံးသတ်ခါနီးနှစ်တွေမှာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။ ဗန်ပါစီက အာဆင်နယ်နဲ့ အတူ အက်ဖ်အေ ဖလားရခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား ရရှိသွားခဲ့တာပါ။ ဒီရာသီကုန်ရင် ဖီယင်နုမှာ လက်ရှိကစားနေတဲ့ ဟော်လန်တိုက်စစ်မှူးကြီး ဗန်ပါစီ အနားယူတော့မှာ ဖြစ်ပါတယ်။

အချက်အလက် တွက်ချက်မှုတွေ အရ မန်စီးတီးနဲ့ တွေ့နိုင်ဖွယ်ရှိတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ဘက်က အေဂျက်၊ အက်သလက်တီကို၊ ရိုးမား၊ ရှော်လ်ကေးတို့ရှိပြီး အက်လသက်တီကို မက်ဒရစ်နဲ့ တွေ့ဖို့ အများဆုံး အခွင့်အရေး ရှိနေတယ်လို့ ဆိုပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက သတိမေ့လျော့စွာ နေရင် နောက်ကျကျန်ခဲ့မယ့် အကြောင်း အင်တာမီလန်ကို ဥပမာပေး သတိပေးသွားပါတယ်။ “တစ်ရက်တစ်ရက် နည်းနည်းစီ ပိုအိပ်ဖြစ်နေရင် မင်းတို့ ယူရိုပါလိဂ် အဲဒီလို ရောက်သွားလိမ့်မယ်။ ဥရောပပြိုင်ပွဲမှာ ရှိနေတဲ့ အသင်းတိုင်းက အသင်းကောင်းတွေချည်း ဖြစ်ပြီး ထူးချွန်တဲ့ ကစားသမားတွေ ရှိနေတယ်။” လို့ ၄င်းက ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ဖရီးကစ် အနိုင်ဂိုးကို ဖရီးကစ်က သွင်းသွားတဲ့ ဆာနေးအပေါ် ပရိသတ်များ စိတ်လှုပ်ရှားစွာ ချီးကျူးနေကြပါတယ်။ ဆာနေးရဲ့ ဖရီးကစ်ဟာ ရိုနယ်ဒိုရဲ့ ဟန်အပြည့်နဲ့ အဆင့်ညီကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

လီဗာပူးကို ရင်ဆိုင်ဖို့ သွားရမယ့် ယူနိုက်တက်အသင်းမှာ ဒဏ်ရာရ ကစားသမား ၉ ယောက်ထိ ရှိနေတယ်လို့ မော်ရင်ညိုက ပြောကြားလိုက်ပါတယ်။ ဆန်းချက်နဲ့ လင်ဒီလော့ဖ်တို့က ကာလရှည် ဒဏ်ရာကြောင့် ကုသမှုခံယူနေတဲ့ ကစားသမားတွေပါ။ ဒါ့အပြင် လုရှော၊ မာရှယ်၊ ဒါမီးယန်း၊ ရိုဂျို၊ စမောလင်း၊ တော်မီနေးနဲ့ ဒါလော့တို့ပါ ဒဏ်ရာရ စာရင်းမှာ ရှိနေပါတယ်။

အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် ၀ါရင့်ကစားသမားကြီး အက်ရှ်လေယန်းက ၄င်းရဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၁ တည်းက အိုးထရက်ဖို့ဒ်ရောက်လာတဲ့ ယန်းက ယခုအချိန်ထိ အသက် ၂၁ နှစ်က ကဲ့သို့ ဖြတ်လတ်စွာ ကြံ့ခိုင်မှု အပြည့်ရှိနေတုန်း ခံစားရတယ်လို့ ဆိုပါတယ်။ သူ ကစားနိုင်သမျှ ယူနိုက်တက်က ဆက်ခေါ်ရင် ကစားသွားချင်ကြောင်း ၄င်း ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စတားလင်း ဖြစ်ရပ်ကို သုံးသပ်ရင်း ယူနိုက်တက် ကစားသမားဟောင်း ဖလက်ချာက ၄င်း ကစားသမားဘ၀မှာလည်း ပြိုင်ဘက်ပရိသတ်တွေရဲ့ ခွဲခြားနှိမ်ချဆက်ဆံမှုတွေ ခံခဲ့ရဖူးပြီး ကွင်းဘေးမှာ စိတ်ရှည်စွာ သည်းခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘန်လေနဲ့ပွဲမှာ မပါဝင်နိုင်မယ့် ကစားသမား ၆ ယောက်ထိ ရှိနေကြောင်း တော့တင်ဟမ်အသင်းက အတည်ပြုသွားပါတယ်။ အော်ရီရာနဲ့ ဒမ်ဘီလီတို့က ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေတုန်းပါ။ ဆန်းချက်၊ ဖို့သ်၊ ထရစ်ပီယာ၊ ၀မ်ယာမာတို့ကလည်း ဒဏ်ရာမှ ပြန်လည် ထူထောင်နိုင်ဖို့ အဆင့်တွေမှာပဲ ရှိနေပါသေးတယ်။

တော့တင်ဟမ် စပါးအသင်းက အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းမှာ ရှိနေပါသေးတယ်လို့ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပြီးသွားတဲ့ ဘာစီလိုနာနဲ့ပွဲထက် လာမယ့်ပွဲ ဘန်လေအကြောင်း ပြောရတာ သူ့အတွက် ပိုစိတ်လှုပ်ရှားစေတယ်လို့လည်း ၄င်းက ဆိုပါတယ်။

စပါးတိုက်စစ်မှူး Fernando Llorente က စပါးအသင်းကသာ ခွင့်ပြုရင် အက်သလစ် ဘီဘာအိုအသင်းဆီ ပြန်သွားချင်တယ်လို့ ပြောကြားထားက ပိုချက်တီနိုကတော့ ကစားသမားနဲ့ အဆိုပါကိစ္စ စကားမပြောရသေးဘူးလို့ ဆိုပါတယ်။

လီဗာပူးကနေ ရိမ်းဂျားစ်မှာ အငှားသွားရောက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူး အီဂျာရီယာရဲ့ ဆိုရှယ်နက်ဝါ့ခ်က အပြုအမူတွေက ရိမ်းဂျားစ်မှာ အဆင်မပြေဖြစ်ကာ မိခင်ကလပ်အသင်းဆီ ပြန်လာဖွယ်ရှိကြောင်း မှတ်ချက်ပေးနေကြပါတယ်။ အီဂျာရီယာက ၄င်းရဲ့ တွစ်တာစာမျက်နှာကို ဖျက်သိမ်းသွားပြီး အင်စတာဂရမ်မှာ ရိမ်းဂျားစ်အသင်းကို Unfollow လုပ်သွားခဲ့တာပါ။

နာပိုလီနဲ့ပွဲက မီလစ်ရဲ့ ကန်ချက်ကို အံ့အားသင့်ဖွယ် ကာကွယ်သွားတဲ့ အယ်လစ်ဆန်ရဲ့ ဂိုးကာကွယ်မှုက ပေါင် ၁၀ သန်း တန်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားတဲ့ လီဗာပူးက ပေါင် ၈.၃၁ သန်းနဲ့ နာပိုလီကို နိုင်ပွဲအတွက် ပေါင် ၂.၃၆ သန်း ရရှိသွားခဲ့တာပါ။

လီဗာပူးကွင်းလယ်ကစားသမား ၀ိုက်နယ်ဒန်က အသင်းဖော် မေနာရဲ့ မနားမနေ ကြိုးစားလေ့ကျင့်မှု အကြောင်း ဖွင့်ဟသွားပါတယ်။ ‘Gym မှာဆို သူ့ကို အမြဲတွေ့ရတတ်ပြီး တခါတလေ ကျနော်က ဂျိမ်းစ် မင်း နည်းနည်းပါးပါး အနားလည်းယူဦး လို့တောင် ပြောယူရပါတယ်’ လို့ ၀ိုက်နယ်ဒန်က ပြောပြခဲ့တာပါ။