လီဗာပူး ကွင်းလယ်ကစားသမား နာဘေကိတ်တာဟာ ကုသမှုခံယူပြီး အာဖရိကဖလား ပြိုင်ပွဲအတွက် ဂူနီယာအသင်းထံ ပြန်ဖို့ အခွင့်အရေးက နည်းပါးသွားပြီ ဖြစ်ပါတယ်။ ကိတ်တာရဲ့ ဒဏ်ရာက ယခင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ လွဲချော်စေခဲ့တဲ့ ကြွက်သားဒဏ်ရာဟောင်းကို ပိုမို ဆိုးရွားစေခဲ့တယ် လို့ ကလပ်အသင်း ဆရာဝန်များက ဆိုထားပါတယ်။

လီဗာပူး အမျိုးသမီးအသင်းဟာ ၄င်းတို့ရဲ့ ပထမဆုံး အမေရိက ရာသီကြို ခရီးစဉ်ကို ဒီနွေမှာ သွားရောက်ရမှာ ဖြစ်ပြီး ယာဂင်ကလော့ပ်ရဲ့ လီဗာပူး စီနီယာအသင်းနဲ့ အတူ ခရီးသွားမှာ ဖြစ်ကာ အချို့ လေ့ကျင့်မှုများကိုလည်း အတူ ပြုလုပ်ရဖွယ် ရှိပါတယ်။

စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် လီဗာပူးအသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး စတားရစ်ဟာ ရိန်းဂျားအသင်းကို ပြောင်းရွေ့တော့မယ် လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပြင်သစ်သတင်းတွေမှာတော့ လီဗာပူးဟာ နွေဈေးကွက်အတွင်း ဒမ်ဘီလီကို ခေါ်ယူဖို့ရာ ဈေးကွက် ချိတ်ဆက်မှုကို စတင်ခဲ့ပြီလို့ သိရပါတယ်။
ဘာစီလိုနာက ဒမ်ဘီလီကို ဒီနွေမှာ ရောင်းထုတ်ရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေက သူတို့ပေးထားရတဲ့ ပေါင် ၉၃ သန်းလုံးကို ပြန်လိုချင်နေပါတယ်။

ယာဂင်ကလော့ပ်ဟာ သူလက်တွဲခဲ့ဖူးတဲ့ ဒေါ့မွန်အသင်းရဲ့ အသင်းသားဟောင်း ဒမ်ဘီလီကို ခေါ်ယူဖို့ နှစ်သက်နေပြီး လိုင်လီတိုက်စစ်သမား ပီပီကို ပေါင် ၇၀ သန်းနဲ့ ခေါ်ယူဖို့ထက် ပြင်သစ်သားကို ပိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား Abdi Sharif ကို ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီး အသင်းမှာ ဆက်ရှိနေဖို့ ကြိုးစားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ဒီရာသီ ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် clean sheet ၃၉ ပွဲ ရယူထားတဲ့ အယ်လီဆန်ဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ရွှေလက်အိတ်ဆု ရယူနိုင်ခဲ့သူဖြစ်လို့ ၂၀၁၉ ခုနှစ်ရဲ့ Ballon d’Or ဆု ထိပ်ဆုံး ငါးဦးစာရင်းထဲမှာ ပါဝင်ခွင့်ရသင့်တယ်လို့ ဘရာဇီးမီဒီယာတွေကတော့ ဖော်ပြနေခဲ့ကြတယ်။