မန်ယူဟာ မနေ့တုန်းက လက်စတာခံစစ်သမား မက်ဂွဲရားအတွက် ပေါင် ၇၀ တန်း တန်ကြေးရှိမယ့် ကမ်းလှမ်းမှုကို လုပ်ခဲ့ပေမယ့် ချက်ခြင်းဆိုသလိုပဲ ပယ်ချခံခဲ့ရပါတယ်။
လက်စတာဟာ အသက် ၂၆ နှစ်အရွယ် ဗဟိုခံစစ်သမား မက်ဂွဲရားအတွက် ပေါင် ၉၀ သန်း ပေးချေဖို့ မန်ယူဘက်ကို တောင်းဆိုခဲ့ပါတယ်။ လက်စတာကတော့ သူတို့ရဲ့ ခံစစ်သမားဟာ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးကို ရသင့်တယ်လို့ ယုံကြည်နေတာဖြစ်တယ်။
မက်ဂွဲရားနဲ့ ပက်သက်ပြီး လက်စတာဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၁၈ ခုနှစ်က ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ခေါ်ယူဖို့ရာ လီဗာပူးအသင်း ပေးချေခဲ့ရတဲ့ ကမ္ဘာစံချိန်တင်ကြေး ပေါင် ၇၅ သန်းထက်ကို ပိုများနေတာဖြစ်တယ်။
မက်ဂွဲရားကို ခေါ်ယူနိုင်ဖို့ မန်ယူနဲ့ မန်စီးတီးတို့က အပြိုင်ဖြစ်နေခဲ့ပေမယ့် မန်စီးတီးကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို စိန်ခေါ်မှုအဖြစ် ယူဆကာ ပါဝင်သွားတော့မှာ မဟုတ်ပါဘူး။ နှစ်သင်းဟာ အစောပိုင်းတုန်းက ပေါင် ၆၅ သန်းကို ဈေးအပြိုင်ပေးခဲ့ကြသေးတာဖြစ်တယ်။
မက်ဂွဲရားကိုယ်တိုင်က ဘန်လေအသင်းကနေ သူ့ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပေးခဲ့တဲ့ လက်စတာအသင်းထံ အသင်းပြောင်းခွင့်နဲ့ ထွက်ခွာခွင့်ကို တင်သွင်းမှာ မဟုတ်လို့ လက်စတာဘုတ်အဖွဲ့က ကြိုက်ဈေးရမှ ရောင်းထုတ်မယ်လို့ ဆိုပါတယ်။
မက်ဂွဲရားကို ခေါ်ယူလိုတယ်ဆိုရင် အင်္ဂလန်သမိုင်းမှာ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးတွေထဲက တစ်ခုအဖြစ် ကမ်းလှမ်းမှပဲ ရနိုင်မှာဖြစ်တယ်။ ဒီကနေ့မှာတော့ မက်ဂွဲရားက သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ဈေးချပေးဖို့ ဆန္ဒရှိနေတယ်လို့တော့ သတင်းတွေ တက်နေပါတယ်။
တနင်္လာနေ့က လက်စတာအသင်း ရာသီကြို ပြင်ဆင်မှု စတင်ခဲ့ပေမယ့် လက်ရွေးစင်တာဝန်ကို ယူခဲ့ရတဲ့ မက်ဂွဲရားကတော့ ဒီအပတ်နှောင်းပိုင်းမှာ ပြန်လည် ပူးပေါင်းမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ မနှစ်ကရာသီ ဘောလုံးပွဲတွေအပြီးမှာ လက်ရွေးစင်တာဝန် ထမ်းဆောင်ခဲ့ရခြင်းကြောင့် မက်ဂွဲရားက ခွင့်ပိုရထားခြင်းဖြစ်တယ်။