မန်ယူအသင်းဟာ စပိန် ယူ-၂၁ လက်ရွေးစင် ကွင်းလယ်ကစားသမား ဒါနီ အော်လ်မိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးရှားဟာ ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူဖို့ လှုပ်ရှားနေဆဲ ဖြစ်ပြီး ပစ်မှတ် ကစားသမားတွေထဲမှာ စပိန်သား ဒါနီအော်လ်မို ပါဝင်နေတာ ဖြစ်ပါတယ်။

အော်လ်မိုဟာ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းသား တစ်ယောက်ပါ။ မန်ယူအသင်းနည်းပြ ဆိုးရှားဟာ အော်လ်မိုကို ခေါ်ယူဖို့ တော်တော်လေး စိတ်ဝင်စားနေကြောင်း အော်လ်မိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းထိပေးကာ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း ခရိုအေးရှား သတင်းတွေမှာ ဖော်ပြလာပါတယ်။

စပိန် ယူ-၂၁ အသင်းဟာ ၂၀၁၉ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဂျာမနီကိုပါ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ စပိန် ယူ-၂၁ အသင်းအတွက် ကစားသမားတွေအားလုံး ခြေစွမ်းပြခဲ့ပြီး အော်လ်မိုဟာဆိုရင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အော်လ်မိုဟာ ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ စပိန်အသင်းအတွက် ဂိုးသွင်းပေးခဲ့ပါသေးတယ်။

အော်လ်မိုဟာ စပိန် ယူ-၂၁ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သလို ဒိုင်နမိုဇာဂရက် အသင်းအတွက်လည်း ခြေစွမ်းပြ ကစားနေပါတယ်။

ခြေစွမ်းကောင်းတဲ့ အော်လ်မိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းအပြင် ချယ်ဆီး၊ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ကလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါအသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ စောင့်ကြည့်နေပါတယ်။

အော်လ်မိုဟာ သူ့အသက် ၉ နှစ်အရွယ်တည်းက ဘာစီလိုနာအကယ်ဒမီကို ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အော်လ်မိုဟာ ဟာလီလိုဗစ် အပြောင်းအရွှေ့မှာ အလဲအထပ်အနေနဲ့ ပါဝင်ကာ ဒိုင်နမိုဇာဂရက်ကို ရောက်ရှိလာသူပါ။

သူဟာ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့တာကြောင့် ခရိုအေးရှားလိဂ် တစ်နှစ်တာအကေင်းဆုံး ကစားသမားဆုနဲ့ လူငယ် အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။ အော်လ်မိုဟာ ဇာဂရက်အသင်းအတွက် လိဂ်ပွဲ ၇၁ ပွဲ ကစားထားရာမှာ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားပါတယ်။

အော်လ်မိုဟာ အနာဂတ် အလားအလာရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဟာရဲရားနေရာ အစားထိုးဖို့အတွက် စွယ်စုံရ ကွင်းလယ်ကစားသမားသစ် ခေါ်ယူရမှာပါ။ အော်လ်မိုဟာ ကွင်းလယ်နေရာမှာတင်မက တောင်ပံမှာလည်း ကစားနိုင်သူ ဖြစ်ပြီး ဒီအချက်ကလည်း နည်းပြဆိုးရှားအတွက် သဘောကျစရာ ဖြစ်နေပါတယ်။