နေခြည်ဦးဟာ လာမယ့် ဇန်နဝါရီ (၂၅) ရက်နေ့မှာ သူမ အသက် (၂၇) နှစ်ပြည့်တော့မှာဖြစ်ပြီးတော့ သူမအသက် (၃၀) ပြည့်ရင် စိမ်းလဲ့တင် အပန်းဖြေစခန်းကို လွှဲပြောင်းပေးတော့မယ်ဆိုတဲ့ မိခင်ရဲ့စကားကြောင့် အိမ်မှာလည်း ပြသနာအချို့ဖြေရှင်းရတယ်လို့ ရယ်မောပြီး ဆိုပါတယ်။

အဓိက ဆိုလိုရင်းကတော့ သူမအနေနဲ့ သမီးအကြီးဆုံးဖြစ်တာကြောင့် ဒီစီးပွားရေးလုပ်ငန်းပေါ်မှာ စိတ်ဝင်တစားရှိပြီး ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ပေမယ့် ကိုယ်တစ်ယောက်တည်း သီးသန့်လုပ်ကိုင်တာမျိုးမဟုတ်ဘဲ မောင်နှမတွေအပေါ် ပြန်ကြည့်သွားမယ်လို့ဆိုပါတယ်။

နေခြည်ဦးဟာ ပြောင်းလဲမှုကို နှစ်သက်သူတစ်ဦးဖြစ်ပြီး သူမကိုသူမ အမြဲလိုလို Changing လုပ်နေရတာကို သဘောကျသူပါ။ ယခုချိန်မှာတော့ သူမဟာ ဆံပင်ကို တဖြေးဖြေးညှပ်ပြီး ပြောင်းလဲရာမှ ဆံပင်တိုဒီဇိုင်းလေးနဲ့ လန်းနေအောင် ဖန်တီးယူထားပါသေးတယ်။ သူမအတွက် တစ်ခုပြီး တစ်ခုပြောင်းလဲလာပြီး မကျန်တော့လို့ ဒီဆံပင်ကို ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူမက သိပ်မကြာခင်မှာတော့ မယ်သီလရှင်ဝတ်တော့မယ်လို့ သိရပါတယ်။

“နေခြည်က လွတ်လွတ်လပ်လပ်နေရာတာကြိုက်လို့ ဆံပင်အတိုညှပ်လိုက်တာပါ ယောက်ကျားလေးနဲ့တူအောင်တော့ နေခြည်လုပ်တာ မဟုတ်ပါဘူး။ ဇန်နဝါရီ ၂၅ ရက်နေ့ဆို နေခြည့်မွေးနေ့ အသက် (၂၇) နှစ်ပြည့်တော့မှာ အဲ့နေ့မှာ နေခြည် ပါတီအကြီးကြီးလုပ်မယ် လုပ်ပြီးရင် နေခြည်က မယ်သီလရှင်ဝတ်မယ်လုပ်ထားတာ ဒါပေမယ့် အခုဟာက မွေးနေ့ မလုပ်ဖြစ်တာ (၄) နှစ်ရှိပြီ ပြီးတော့အဲ့ရက်မှာ နေခြည်က ကိုမင်းဦးတို့နဲ့ ရုပ်ရှင်ကားရိုက်နေမှာဆိုတော့ ပွဲက မလုပ်ဖြစ်ပြန်ဘူးပေါ့နော်။ ”

“ဒါပေမယ့် နေခြည်က မယ်သီလရှင်တော့မဖြစ်ဖြစ်အောင်ဝတ်မယ် ကိုယ်က အသက် (၂၇) လည်းရှိပြီ ဗုဒ္ဓဘာသာဝင် တစ်ယောက်လည်း ဖြစ်တယ် တခါမှလည်း မဝတ်ဖူးတော့ နေခြည်အဲဒါပြီးရင် ဝတ်မယ်ဆိုတဲ့စိတ်နဲ့ ဆံပင်ကို တဖြေးဖြေးတိုနေတာပါ။” လို့ မယ်သီလရှင် ဝတ်မယ့် အကြောင်းနဲ့ပတ်သက်ပြီး MC အင်တာဗျူးကနေတဆင့် ပြောပြလာတာပါ။

မယ်သီလရှင်ဝတ်ဖို့ဆုံးဖြတ်ချက်ချလိုက်ရတဲ့အကြောင်းရင်းကိုပြောပြလာပါသေးတယ်။ သူမဟာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေပြီဖြစ်ပေမယ့် ဘုရား၊ တရားပိုင်းမှာ အင်မတန်အားနည်းနေသေးတာကြောင့် ယခုလိုမျိုး ဘုရားတရား ပိုမိုလုပ်ဖြစ်အောင် ဝတ်လိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။