မန်ယူအသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိသွားပြီ ဖြစ်တဲ့ စပိန်သား ကွင်းလယ်ကစားသမား ဟာရဲရားက အိုးထရက်ဖို့ဒ်က မထွက်ခင် အသင်းမှာ ဆက်နေဖို့ ညှိနှိုင်းမှုများ ရှိခဲ့ပြီး အဆင်မပြေခဲ့တဲ့အကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။ ဟာရဲရားက မန်ယူဘုတ်အဖွဲ့ဟာ အသင်းမှာ ၄င်း အရေးပါစွာ ဆက်ရှိနေဖို့ အာမခံချက် မပေးနိုင်ခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့တာပါ။

ဟာရဲရားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာများရှိနေခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲ ၂၂ ပွဲသာ ပါဝင်ကစားခဲ့ရပေမယ့် သူ ပါဝင်တိုင်း ရုန်းကန်နေရတဲ့ အသင်းမှာ ထူးချွန်စွာ ခြေစွမ်းဝင်ပြနိုင်ခဲ့သူပါ။ ဟာရဲရားက မော်ရင်ညိုရဲ့ ပထမရာသီမှာ မန်ယူ အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီကစားသမား အဖြစ် ပထမဆုံး အင်တာဗျူးမှာပဲ ဟာရဲရားက အခြေအနေတွေကြောင့် ယူနိုက်တက်မှာ ဆက်နေဖို့ မဖြစ်နိုင်လို့သာ သူ အသင်းပြောင်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။

” ကျနော်ကတော့ ဘာမှ ပြောင်းလဲလို့ ရမှာ မဟုတ်တဲ့ အတိတ်ကို ပြန်ကြည့် ပြောဆိုတာတွေ မလုပ်ချင်ပါဘူး။ ကျနော် ယူနိုက်တက်မှာ ပျော်ရွှင်ခဲ့ရပါတယ်။ ကလပ်အသင်းကိုရော ပရိသတ်တွေရော ဆိုးရှားကိုပါ ကျနော် ကျေးဇူး အများကြီး တင်ရမှာပါ။ ဆိုးရှားက ကျနော် အသင်းမှာ ဆက်နေဖို့ အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်.. ဒါပေမယ့် ဖြစ်စေချင်တဲ့အတိုင်းတော့ ဖြစ်မလာဘူးပေါ့။ ဒါကြောင့် ကျနော် ပဲရစ်မှာ ကစားဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။” လို့ ဟာရဲရားက ဆိုပါတယ်။

ဟာရဲရားက အက်သလစ် ဘီဘာအို ကလပ်အသင်းကနေ ၂၀၁၄ မှာ အိုးထရက်ဖို့ဒ်သို့ ရောက်လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အားကြိုးမာန်တက် ကစားဟန်၊ အသင်းအပေါ် ပေးဆပ်မှုအပြည့် ထားရှိတာတွေကြောင့် လျင်လျင်မြန်မြန်ပဲ ပရိသတ် အချစ်တော် ကစားသမား ဖြစ်လာခဲ့တာပါ။

” ဘာလို့ ပီအက်စ်ဂျီလဲ ဆိုရင်တော့ ယူနိုက်တက်ကနေ ထွက်ခွာလာရလို့ပါ။ အင်္ဂလန်မှာ အကြီးဆုံးအသင်းကနေ ထွက်လာတဲ့နောက် ပီအက်စ်ဂျီလို ပြင်သစ်မှာ အခမ်းနားဆုံး အသင်း ဖြစ်ဖို့ လိုတာပေါ့။ ကျနော် တခြား အင်္ဂလိပ်ကလပ်အတွက် မကစားနိုင်တော့ဘူးလေ။” လို့ ဟာရဲရားက ဆိုပါတယ်။

ဟာရဲရားက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၈၉ ပွဲ ကစားခဲ့ပြီး ဂိုး ၂၀ သွင်းသွားခဲ့ကာ အသင်းနဲ့ အတူ အက်ဖ်အေဖလား၊ ကာရာဘောင်း ဖလားနဲ့ ယူရိုပါလိဂ်ဖလားများ ရယူသွားခဲ့တာပါ။

သက်တမ်းတိုးဖို့ အဆင်မပြေခဲ့လို့သာ ဟာရဲရားက မန်ယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ကွင်းလယ် ကစားသမားက ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး အလွတ် ၅ နှစ်စာချုပ်နဲ့ ရောက်ရှိသွားတာ ဖြစ်ပါတယ်။