မန်စီးတီးအသင်းဟာ နောက်နှစ်နွေမှာ စာချုပ်ကုန်ဆုံးတော့မယ့် ၀ါရင့်ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကို သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမယ့် အပေါ် စီးတီးပရိသတ်များက ကျေနပ် ထောက်ခံနေကြပါတယ်။

ဖာနန်ဒင်ဟိုဟာ ကွင်းလယ်အပြင် လိုအပ်ပါက ဗဟိုခံစစ်ပါ ဆင်း ကစားနိုင်တာကြောင့် ကွန်ပနီ ထွက်ခွာသွားတဲ့ ခံစစ်တန်းအတွက်လည်း ၀င်ရောက် ကစားနိုင်မယ့်သူ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ စီးတီးတိုက်စစ်သမား ဆာနေးကို ခေါ်ယူဖို့ကိစ္စကို လက်မလျှော့သေးဘဲ ဆက်လက် ကြိုးစားနေဆဲပါ။ ဘိုင်ယန်က ဆာနေး အားလပ်ရက်က ပြန်အလာကို စောင့်ဆိုင်းနေတာ ဖြစ်ပြီး ကစာသမားက အားလပ်ရက်မှာ အပြောင်းအရွှေ့ ကိစ္စ မဆွေးနွေး လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး လူငယ်ခံစစ်မှူး Philippe Sandler ဟာ ရာသီပြည့် ပွဲထွက်ကစားချိန် ပိုမို ရရှိဖို့အတွက် စီးတီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ ရှိရာ အန်ဒါလက်ခ်ျအသင်းထံ အငှားသွားကစားရန် ပြင်ဆင်နေပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ သူ့ရဲ့ စီးတီး အသင်းသားတွေကို ဒီတစ်ပတ်မှာ ရာသီကြို လေ့ကျင့်ရေးအတွက် ပြန်ခေါ်ဖို့ ပြင်ဆင် နေသလို အာဖရိက နေးရှင်းဖလားမှာ ခြေစွမ်းပြနေတဲ့ မာရက်ဇ်ကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ အယ်လ်ဂျီးရီးယားသားဟာ လာမယ့် ရာသီမှာ ကစားခွင့် ပိုမို ရရှိလာဖွယ် ရှိပါတယ်။

နော့တင်ဟမ်ဖောရက်စ် အသင်းဟာ မန်စီးတီး လူငယ်ဂိုးသမား အရီဂျာနက် မူရစ်ကို ဒီတစ်ပတ်ထဲမှာ ခေါ်ယူနိုင်မယ် မျှော်လင့်ထားကြောင်း တယ်လီဂရပ်ဖ် သတင်းမှာ ဖော်ပြလာပါတယ်။

အသက် ၂၀ အရွယ် ဂိုးသမား မူရစ်ကို ဥရောပကလပ်အသင်း တော်တော်များများက စိတ်ဝင်စား နေကြပြီး မူရစ်က ပြီးခဲ့တဲ့ရာသီ ကာရာဘောင်းဖလား အောင်မြင်မှုမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့သူပါ။