ချယ်ဆီးကွင်းလယ်ကစားသမား ဘာကာယိုကို ကို ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ယူနဲ့ အာဆင်နယ်အသင်းတို့ အပြင် ပီအက်စ်ဂျီကပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

လာမယ့် ဘောလုံးရာသီမှာလည်း ချယ်ဆီးအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူသွားမယ့် ခံစစ်မှူး ကွီတာက အသင်းကို စံနမူနာ ကစားသမားကောင်း အဖြစ် ဦးဆောင်သွားမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဆာရီ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပဲ အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ စတန်းဖို့ဘရစ်ခ်ျကို နှုတ်ဆက်သွားခဲ့ပြီ ဖြစ်တဲ့ ဇိုလာက ဆာရီရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေမယ့် အံ့အားသင့်မိကြောင်း ဖွင့်ဟသွားခဲ့ကာ ဟာဇက်ထွက်ခွာသွားမှုက ဆာရီ အသင်းပြောင်းခြင်းအပေါ် သက်ဆိုင်မှု မရှိကြောင်း ၄င်းက ဆိုပါတယ်။

ချယ်ဆီးနည်းပြသစ် လမ်းပတ်ဟာ ၄င်းရဲ့ အသင်းဖော်ဟောင်း အက်ရှ်လေကိုးလ်ကိုလည်း နည်းပြအဖွဲ့မှာ ထည့်သွင်းလိုနေပါတယ်။ လမ်းပတ်ဟာ မနှစ်ကလည်း ကိုးလ်ကို အယ်လ်အေဂလက်ဇီအသင်းကနေ ၄င်း ကိုင်တွယ်နေတဲ့ ဒါဘီအသင်းအတွက် ကိုးလ်ကို ကစားသမား အဖြစ် ခေါ်ယူခဲ့တာပါ။

ဝမ်ဘစ်ဆာကာကို လက်လွှတ်ထားရတဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ချယ်ဆီးအသင်းထံမှ အသက် ၁၉ နှစ်အရွယ် လူငယ်ခံစစ်မှူး ရီဆီ ဂျိမ်းစ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။