ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုက ရင်ဆိုင်တွေ့ရတော့မယ့် လီဗာပူးအသင်းနဲ့ ပတ်သတ်ပြီး မှတ်ချက်စကားဆိုကာ ယူနိုက်တက် တာဝန်ရှိသူတွေ သိစေလိုတဲ့ပုံနဲ့ ရည်ညွှန်းပြောဆိုသွားပါတယ်။ လီဗာပူးအသင်း အောင်မြင်မှုရလာတာက ငွေကြေးသုံးစွဲမှု သက်သက် ချည်းကြောင့် မဟုတ်ဘူးဘဲ အသင်းတာဝန်ရှိသူတွေရဲ့ လိုအပ်သလို စီမံခန့်ခွဲပေးနိုင်မှုတွေ ပါဝ်ငကြောင်း မော်ရင်ညိုက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း Willie Morgan က ပေါ့ဘာအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်သွားပါတယ်။ ပေါ့ဘာရဲ့ လေးလံနှေးကွေးမှုတွေက အသင်းရဲ့ အရာရာကို အဆုံးသတ်သွားစေတယ်လို့ ဆိုပါတယ်။ ပေါ့ဘာ မပါဝင်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ယူနိုကတက်ဟာ အသင်းလိုက် လျင်မြန် ထက်မြက်ပြီး ထိရောက်မှု ရှိခဲ့ကြောင်း ၄င်းက ထောက်ပြသွားပါတယ်။

တနင်္ဂနွေနေ့ည လီဗာပူးနဲ့ ယူနိုက်တက် ထိပ်တိုက်တွေ့တဲ့ပွဲမှာ လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုးသမားလို့ ယူဆရမယ့် အယ်လစ်ဆန်နဲ့ လတ်တလောမှာတင် ESPN က ရွေးချယ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဒီဂီယာတို့ လက်စွမ်းချင်း ယှဉ်ပြိုင်ရဦးမှာပါ။ အယ်လစ်ဆန်က ဒီရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ Clean sheet ၁၀ ပွဲ ယူထားနိုင်ပြီး ဒီဂီယာက ၂ပွဲသာ ရှိထားပါတယ်။ ပေးဂိုးမှာလည်း အယ်လစ်ဆန် က ၆ ဂိုး ပေးထားရပြီး ဒီဂီယာက ၂၆ ဂိုးထိ ပေးထားရပါတယ်။

နာပိုလီနဲ့ပွဲမှာ ထိခိုက်မှု ရှိခဲ့တဲ့ လူငယ်ခံစစ်မှူး ထရန့်အလက်ဇန္ဒါး အားနိုးက ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ဖို့ မသေချာကြောင်း ကလော့ပ်က ပြောကြားထားပါတယ်။ အာနိုးဟာ နိုဝင်ဘာလ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။

ကာဒစ်အသင်းဟာ လီဗာပူးအသင်း ညာအစွန်လူ ကလိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပါတယ်။ မန်နေဂျာဝါးနော့က ခရစ်စတယ်ပဲလေစ့် မန်နေဂျာဘဝမှာတုန်းက ကလိုင်းကို ပွဲထွက်ခွင့် စပေးခဲ့သူဖြစ်ပြီး သူဟာ ကလိုင်းတို့ရဲ့ မိသားစုနဲ့လည်း အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က အန်ဖီးကွင်းမှာ ယူနိုက်တက်ကို အနိုင်ယူဖို့ အချိန်တန်ပြီလို့ ထုတ်ပြောပါတယ်။ ယူနိုက်တက်နည်းတူ ကလပ်အသင်းမှာ ခံစစ်ပိုင်း ပြဿနာတွေရှိနေပေမယ့် အစားထိုးဖို့ရာ အဖြေရှာနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း ထုတ်ပြောလာပါတယ်။

ဘာစီလိုနာ အစွန်ကစားသမား အယ်ဘာကတော့ မိုရာတာအနေနဲ့ ကက်တလန်ကလပ်ကို ပြောင်းလာမယ်ဆိုရင် နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအသားပေး ကစားဟန်အောက်မှာ အသားမကျဖြစ်နေတဲ့ မိုရာတာဟာ နွေမှာ လာလီဂါကို ပြန်သွားမယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။

ချယ်ဆီးကွင်းလယ်လူ ဖဘရီဂတ်စ်က အသင်းပရိသတ် အနည်းငယ်ကြောင့် ကလပ်အသင်းအပေါ် အပြစ်ပေးမှုကြီးတွေနဲ့ ယိုးစွပ်လာတာကို လက်မခံဘူးလို့ ထုတ်ပြောလာပါတယ်။ ကမ္ဘာဘောလုံးလောက တိုးတက်လာဖို့ ချယ်ဆီးက ဥပမာဖြစ်စေတာကို လက်ခံပေမယ့် လူ သုံး၊ လေးယောက်ကြောင့် ကလပ်အသင်းကို ယိုးစွပ်တာကတော့ မထိုက်တန်ပါဘူးလို့ ဆိုပါတယ်။

ချယ်ဆီးတောင်ပံသမား ဟိုဒွိုင်းကို ခေါ်ယူနိုင်ဖို့ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူနစ်က အလေးအနက် စိတ်ဝင်စားလာနေပါတယ်။ ချယ်ဆီးအသင်းနဲ့ စာချုပ် ၁၈ လပဲကျန်တဲ့ အိုဒွိုင်းဟာ ပွဲထွက်ခွင့်တွေ နည်းပါတာကြောင့် စိတ်ပျက်နေပြီး အင်္ဂလန်လူငယ်အသင်းမှာ တွဲဘက်ကစားဖူးတဲ့ ဆန်ချိုလိုပဲ ပွဲကစားခွင့်ရမယ့် ဂျာမနီကလပ်ကို ပြောင်းလိုနေတာဖြစ်ပါတယ်။

ရာသီကုန်အထိ အနားယူရမယ့် ဗဟိုခံစစ်သမားလေး ဟိုးဒင်းရဲ့ ဒဏ်ရာကို မနေ့က ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုက အောင်မြင်တယ်လို့ သိရပြီး သီတင်းပတ်အနည်းငယ် အနားယူပြီးရင်တော့ ပြန်လည်ကြံ့ခိုင်မှုအတွက် လေ့ကျင့်ရေးတွေကို စတင်မှာဖြစ်ပါတယ်။

အာဆင်နယ်မန်နေဂျာအမ်မရီက အသင်းရဲ့လူငယ်ကစားသမားလေး ရိုဝီကို ကွင်းလယ်တိုက်စစ်နေရာမှာ ကစားစေဖို့ ရည်ရွယ်လာနေပါတယ်။ ဒီရာသီ ပွဲထွက်ကစားသမားအဖြစ် ၆ ကြိမ် ပါဝင်ထားပြီး ၃ ဂိုး သွင်းယူထားနိုင်တဲ့ ရိုဝီကို အမ်မရီက အတော်လေး ယုံကြည်ပေမယ့် ပွဲထွက်ခွင့်ကိုတော့ ထိန်းပြီးပဲ ပေးလိုနေပါသေးတယ်။

မန်စီးတီးအသင်းဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှု ပြုလုပ်ဖို့ မရှိကြောင်း ပက် ဂွာဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ အဂွယ်ရိုကော ဒီဘရိုင်းပါ ပါဝင်နိုင်ဖွယ်ရှိနေပြီး ဂွာဒီယိုလာက စောင့်ကြည့် ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ အဂွယ်ရိုက လေ့ကျင့်ချိန် ၂ ကြိမ်ပါဝင်ထားပြီး ဒီဘရိုင်းကလည်း နာကျင်မှု မရှိတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဖာနန်ဒင်ဟိုလည်း ပြန်လည် ပါနိုင်ဖွယ် ရှီပါတယ်။

တော်တင်ဟမ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ရိုးမားတောင်ပံလူ အန်ဒါးကို ဂန်းနားတို့က ပေါင် ၂၉ သန်းနဲ့ ဈေးစပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လို့ ရိုးမားဘက်က ပယ်ချဖွယ်ရှိပြီး ကစားသမားအတွက် ပေါင် ၄၅ သန်း မရရင် လက်လွတ်ဖွယ်မရှိဘူးလို့ အီတလီသတင်းတွေက ဖော်ပြပါတယ်။

စပါးခံစစ်မှူး ဗာတွန်ဂန်က အသင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ရှိကြောင်း သတင်းကောင်း ပေးသွားပါတယ်။ အသက် ၃၁ နှစ်အရွယ် ခံစစ်မှူးကြီးရဲ့ လက်ရှိ စာချုပ် ကုန်ဆုံးဖို့က တစ်နှစ်ခွဲ ကျန်တာ ဖြစ်ပြီး ဒီတလောနှစ်တွေမှာ ခြေစွမ်းကောင်းနဲ့ တည်ငြိမ်မှုတွေ ပြသနေတဲ့ ဗာတွန်ဂန်က အသက် ၃၅-၃၆ ထိ သူ ကောင်းစွာ ကစားနိုင်ဦးမယ်လို့ ယုံကြည်နေပါတယ်။

တော်တင်ဟမ်မန်နေဂျာ ပိုချက်တီနိုက ရံဖန်ရံခါမှာ ကစားသမားမခေါ်တာက ပိုကောင်းတယ်လို့ သူ့အမြင်ကို ပြောပါတယ်။ မှန်ကန်တဲ့ ခေါ်ယူမှု မဟုတ်တာမျိုးကို လက်မှတ်ထိုးမိတာထက်စာရင်း ခေါ်ယူမှုမလုပ်ဖြစ်တာကပဲ ပိုကောင်းပါတယ်လို့ ပိုချက်က ဆိုတာပါ။