အာဆင်နယ်အသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် ရမ်ဆေးနေရာ အစားထိုးဖို့ ဘာစီလိုနာမှ ဒန်းနစ် ဆွာရက်စ်ကို ခေါ်ယူရန် ချိတ်ဆက်မှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ စပိန်သား ကွင်းလယ်ကစားသမား ဆွာရက်စ်က ပွဲထွက်ကစားချိန် ပိုမို ရရှိဖို့ လာမယ့် ဇန်န၀ါရီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာလိုနေတာပါ။

ဒန်းနစ်ဆွာရက်စ်က မန်စီးတီးမှာ လူငယ်ကစားသမားအဖြစ် ၂ နှစ်နေခဲ့ဖူးသူ ဖြစ်ပြီး ယခု ဘောလုံးရာသီမှာတော့ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီရဲ့ ဥပက္ခာပြုထားခြင်း ခံနေရကာ အသင်းမှာ မကစားရသလောက် ဖြစ်နေပါတယ်။ ဘာစီလိုနာအသင်းက ဒီတပတ်အတွင်းမှာပဲ ကစားသမားကို တိုက်ရိုက်ဆက်သွယ်ကာ အသင်းကနေ ထွက်ခွာသင့်ကြောင်း နားချက်မှုတွေ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ကစားသမားရဲ့ အေးဂျင့်တွေအနေနဲ့ အပြောင်းအရွှေ့မတိုင်ခင်ပဲ သင့်တော်တဲ့ ကလပ်ကို ရှာဖွေဖို့ အချိန်များများစားစား မရှိနိုင်တာကြောင့် ဆွာရက်စ်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းဆီ ပေါင် ၁၄ သန်းနဲ့ ၀ယ်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် ဆွာရက်စ်က ဆီဗီလာမှာ အငှားထွက်ကစားစဉ် အူနိုင်းအမ်မရီနဲ့ ဆုံဖူးပြီး အမ်မရီက ကစားသမားရဲ့ အရည်အချင်းတွေကို သိမြင်ပြီး သူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဈေးဖြတ်ပေးထားတဲ့ ပြောင်းရွှေ့ကြေးပမာဏက အာဆင်နယ်အတွက် အဆင်ပြေပြီး ရမ်ဆေးနေရာ အစားထိုးဖို့ ကစားသမားလည်း ရရှိနိုင်တာ ဖြစ်သွားမှာပါ။

စပိန်သားကို ခေါ်ယူဖို့ အာဆင်နယ်၊ ချယ်ဆီးအသင်းတွေဆီက မေးမြန်းမှုတွေ ရှိထားပြီး Independent က သတင်းအရ ဘာစီလိုနာ အသင်းဘက်ကလည်း အသင်းမှာ မသုံးဖြစ်တဲ့ ကစားသမားကို သင့်တော်တဲ့ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချလိုနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာက ယခင်ကလည်း ဒန်းနစ်ဆွာရက်စ်ကို ဗီလာရီးရဲလ်အသင်းဆီ ရောင်းချဖူးပြီး ထိုစဉ်က ပြန်လည်ဝယ်ယူခွင့် ထည့်သွင်းခဲ့ကာ နူးကမ့်ဆီ ပြန်ခေါ်ထားခဲ့တာပါ။ ဒီတကြိမ်မှာတော့ ဘာစီလိုနာအသင်းဘက်က ကစားသမားကို အပြီးသတ် ရောင်းချသွားလိုပြီး အနာဂတ် အရောင်းအ၀ယ်များမှာပါ ရာခိုင်နှုန်း နဲ့ ဆက်လက်ရရှိစေဖို့ ကြံရွယ်နေပါတယ်။