မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဗဟို ခံစစ်မှူး လင်ဒီလော့ဖ်ကို ဥရောပ ထိပ်သီး အသင်းတစ်သင်းက စိတ်ဝင်စားနေတယ်လို့ ကစားသမား ရဲ့ အေးဂျင့် ကာရာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကာရာက လင်ဒီလော့ဖ်ကို ခေါ်ယူလိုတာ ဘယ်အသင်းလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် ဘာစီလိုနာ အသင်းက စိတ်ဝင်စားနေတာ ဖြစ်တယ်လို့ စပိန် သတင်းဌာနများက တွင်တွင်ကျယ်ကျယ် ဖော်ပြခဲ့ကြပြီး မန်ယူအသင်းဟာ သူတို့ ကစားသမားအတွက် ကာကွယ်မှုတွေ ပြုလုပ်ရတော့မှာဖြစ်ပါတယ်။

ဆွီဒင် လက်ရွေးစင်ကစားသမားဟာ မော်ရင်ညို ရှိစဉ်ကရာ၊ ဆိုးလ်ရှား ရောက်လာပြီးတဲ့နောက်မှာပါ အားကိုးရတဲ့ ခံစစ်မှူးအဖြစ် မန်ယူ အသင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လင်ဒီလော့ဖ်ဟာ မန်ယူမှာ (၂)ရာသီကြာသာ ကစားထားရသေးပေမယ့်လည်း အသင်းရဲ့ အားအကိုးရဆုံး ဗဟို ခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

“ဗစ်တာကို ဥရောပ အင်အားကြီး အသင်းကြီး တစ်သင်းက စိတ်ဝင်စားနေပါတယ်၊ ဒါပေမယ့် ဒီကိစ္စက မန်ချက်စတာ ယူနိုက်တက်အပေါ်မှာပဲ မူတည်နေပါတယ်” လို့ ကာရာက စပိန်သတင်းဌာနမှာ ပြောဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အနေနဲ့ ဗဟိုခံစစ်မှူးတစ်ဦးလိုအပ်လို့ ရှာဖွေနေချိန်မှာ အားထားရတဲ့ကစားသမားကိုပါ အင်အားကြီး ကလပ်အသင်းတစ်သင်းက စိတ်ဝင်စားနေလို့ အသင်းမှာ ထိန်းသိမ်းထားနိုင်ဖို့ အားထုတ်ရတော့မှာဖြစ်ပါတယ်။

အေးဂျင့် ကာရာဟာ အေဂျက် ကွင်းလယ်လူဟောင်းဒီဂျောင်ရဲ့ အေးဂျင့်လည်းဖြစ်ပြီး ဒီဂျောင်ကို ဘာစီလိုနာအသင်းဆီ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လင်ဒီလော့ဖ်ကိုလည်း သူက နူးကမ့်ကိုပြောင်းရွှေ့နိုင်အောင် လုပ်ဆောင်သွားမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီး ဗဟိုခံစစ် ကစားသမားကောင်း ရှားပါးနေတဲ့ မန်ယူအသင်းအတွက် စိုးရိမ်ဖွယ် ဖြစ်နေခဲ့ပါတယ်။