အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားဟောင်းကြီး အီဂျူကို အသင်းက ထွက်ခွာသွားတဲ့ မစ်လင်တက်နေရာ နည်းစနစ် ဒါရိုက်တာ အဖြစ် အတည်ပြု ခန့်အပ်လိုက်ပါတယ်။

တူရကီကလပ် ဖီနာဘာချီကတော့ အိုဇေးလ်ကို အငှားခေါ်ယူမယ် ထွက်နေတဲ့ ကောလဟာလသတင်းများကို ငြင်းဆန်ချက် ထုတ်လိုက်ပြီး ၄င်းတို့ လက်ရှိ အခြေအနေအရ ဂျာမန်သားကို ခေါ်ယူနိုင်တဲ့ အင်အား မရှိကြောင်း ပြောဆိုသွားပါတယ်။

အာဆင်နယ်အသင်းဘက်က အလေးအနက် ချိတ်ဆက်မှုတွေ ရှိထားပေမယ့် ပီအက်စ်ဂျီ ခံစစ်မှူး သောမတ်စ် မူနီယာက လက်ရှိ ကလပ် အသင်းမှာပဲ ဆက်နေဖို့ စိတ်အားထက်သန်နေပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်မှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်သမား မာရီယာနို ဒီယက်ဇ်ကို လျော့ဈေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိလာရပါတယ်။ မနှစ်က နွေအပြောင်းအရွှေ့မှာ လိုင်ယွန်ကနေ ရီးရဲလ်မက်ဒရစ်ကို ပေါင် သန်း ၃၀ နဲ့ ပြောင်းလာခဲ့တဲ့ မာရီယာနိုကို အာဆင်နယ်ဘက်က ပေါင် ၁၈ သန်းနဲ့ ခေါ်ယူလိုနေတာဖြစ်တယ်။

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ဆောက်သမ်တန်အသင်း ကွင်းလယ်ကစားသမား မာရီယို လာမီနာကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ စိန့်နည်းပြ ဟက်ဆန်ဟော့ကလည်း ဒီနွေမှာ လာမီနာကို ရောင်းချဖို့ စီစဉ်နေပါတယ်။

ချီလီသား ဆန်းချက်ဟာ ၂၀၁၆ မှာ အာဆင်နယ်နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရခဲ့ပြီး ဖြစ်ကာ နောက်ဆုံးမိနစ်မှ မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ထိုစဉ်က စာချုပ် ညှိနိုင်းပေးခဲ့တဲ့ ဒစ်လောက ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ စိန့်အက်တီယက် ဗဟိုခံစစ်မှူး ဆာလီဘာကို ခေါ်ယူနိုင်ဖို့တော့ နီးစပ်နေပြီး ပေါင် ၂၇ သန်းပေးရမယ့် ခံစစ်သမားကို ဒီနွေမှာ ပူးပေါင်းခွင့်ပေးနိုင်မှာ မဟုတ်ပဲ အငှားပြန်ချကာ လာမယ့်ရာသီမှ အသုံးပြုနိုင်မှာဖြစ်တယ်။

အာဆင်နယ်ဟာ ဘယ်အစွန်နေရာအတွက် တီရာနီကို ကမ်းလှမ်းမှုတွေ လုပ်နေခဲ့ပေမယ့် အတည်ပြု ခေါ်ယူနိုင်ခြင်း မရှိသေးဘဲ ရှိနေပါတယ်။