ယူနိုက်တက်နဲ့ မော်ရင်ညိုတို့ရဲ့ အနာဂတ်တွေ မရေမရာဖြစ်လာတဲ့နောက် ဘွန်ကီတွေက မော်ရင်ညိုရဲ့ အနာဂတ်ကလပ် ဖြစ်နိုင်ချေကို ပေါက်ကြေး ဖွင့်လိုက်ပါတယ်။ ရေပန်းစားမှုအရ အင်တာမီလန်၊ ဝုဗ်၊ ရီးရဲမက်ဒရစ်နဲ့ ပေါ်တိုအသင်းတွေဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ နဗီလ်းနဲ့ ဂစ်တို့က မော်ရင်ညိုကို ရာထူးမှာပဲ ဆက်ထားဖို့ သူတို့ရဲ့ဆန္ဒတွေကို ထုတ်ပြောလိုက်ပြီး စခိုလ်းပါ အဆိုပါစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေက ခြားနားတဲ့ အမြင်တွေရှိလို့ ကစားသမားဟောင်းတွေရဲ့အမြင်က မှန်ကန်လား? အသင်းပရိသတ်တွေရဲ့ အမြင်က မှန်ကန်လား? ဆိုတဲ့ ငြင်းခုံမှုတွေ ထွက်ရှိလာပါတယ်။

ယူနိုက်တက်ပရိသတ်တွေက ‘Enough is enough’ ဆိုပြီး ဆန်းချက်စ်ကို ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ ဆန္ဒမဲပေးမှုတစ်ခု ပြုလုပ်သွားကြပါတယ်။ အဆိုပါ အစီအစဉ်မှာ ဝင်ရောက်မဲပေးမှုရဲ့ 81% က ဆန်းချက်စ်ကို ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ ၄င်းတို့ရဲ့ဆန္ဒကို ထုတ်ပြခဲ့တာပါ။

ဇီဒန်းဟာ ယူနိုက်တက်အသင်း မန်နေဂျာရာထူးကို ဆက်ခံဖို့အတွက် ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး အချိန်ကောင်းကို စောင့်နေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြပါတယ်။ အင်္ဂလန်သတင်းတွေမှာတော့ မော်ရင်ညိုရဲ့ရာထူးနေရာက တည်ငြိမ်မှုရှိတယ်လို့ ဖော်ပြမှုတွေ ရှိနေပါတယ်။

မန်စီးတီး ဘယ်နောက်ခံလူ မန်ဒီဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ ဂွာဒီယိုလာက အတည်ပြု ပြောဆိုလိုက်ပါတယ်။ မန်ဒီဟာ ဒီရာသီ အကောင်းဆုံး ဘယ်နောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြနေပေမယ့် ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

အန်ဖီးကွင်းမှာ မန်စီးတီးဘက်စ်ကားကို ကာကွယ်ဖို့နဲ့ ပက်သက်ပြီး ဂွာဒီယိုလာက ” မန်စီးတီးပရိသတ်တွေက ကိုယ်အသင်းဘက်စ်ကားကို ကာကွယ်ပေးဖို့လား? ခင်ဗျားတို့ ကျနော်ကို လာနောက်နေတာလား။ အကောင်းဆုံးနည်းလမ်းက လီဗာပူးပရိသတ်တွေကို အန်ဖီးကွင်းထဲ ဝင်ခိုင်းထားဖို့ပါပဲ။ ရဲတွေရဲ့ အကူအညီလည်း မလိုပါဘူး။ ” လို့ အဖြေပေးခဲ့ပါတယ်။

စက်တင်ဘာလအတွက် အကောင်းဆုံးမန်နေဂျာနဲ့ ကစားသမား စကာတင်စာရင်းတွေမှာ ဂွာဒီယိုလာနဲ့ စတာလင်တို့ ပါဝင်လာပါတယ်။ အဆိုပါ စကာတင်စာရင်းမှာ ဆန်တို၊ ယာဂင်ကလော့ပ် အမ်မရီတို့အပြင် ကစားသမားတွေအဖြစ် ဟာဇက်၊ လာကာဇက်တီ၊ မတ်ဒီဆန်၊ ဆီဂတ်ဆန်နဲ့ ဘိုလီတို့လည်း ပါဝင်နေပါတယ်။

မန်စီးတီးလူငယ်ကစားသမား ဖိုဒန်ဟာ အင်္ဂလန် ယူ-21 အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။ ဖိုဒန်ပါဝင်တဲ့ အင်္ဂလန်လူငယ်အသင်းဟာ Andorra, Scotland အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

တော်တင်ဟမ်မန်နေဂျာ ပိုချက်တီနိုက အသင်းဟာ ကာဒစ်နဲ့ပွဲကလွဲပြီး အခြားဘာကိုမှ အာရုံစိုက်လို့ မရပါဘူးလို့ သတိပေးစကားဆိုလာပါတယ်။ ဒီရာသီ ဥရောပပြိုင်ပွဲမှာ ရလဒ်မကောင်းပေမယ့် အင်္ဂလန်ပြိုင်ပွဲတွေမှာတော့ တော်တင်ဟမ်ဟာ ပုံစံကောင်းတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

တော်တင်ဟမ်ခံစစ်သမား ဗာတွမ်ဂန်ကို ဘယ်ဂျီယံအသင်းလူစာရင်းမှာ ရွေးချယ်ခဲ့တာအတွက် ပိုချက်တီနိုက စိတ်ပျက်နေပါတယ်။ ကစားသမားရဲ့ ဒဏ်ရာအခြေအကို မသိရသေးပေမယ့် 6 ပတ်လောက်ထိ အနားယူရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အေးဂျက်အသင်းခံစစ်သမား Matthijs de Ligt က တော်တင်ဟမ်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေမှုကို ငြင်းဆန်လိုက်ပြီး မည်သည့် ထူးခြားသတင်းမှ မကြားမိပါဘူးလို့ ပြောဆိုလာပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နာပိုလီအသင်းကို အရေးနိမ့်ခဲ့တာက မန်စီးတီးနဲ့ပွဲမှာ အသင်းသားတွေကို ပိုမိုအာရုံစိုက်စေဖို့ အကြောင်းရင်းခံဖြစ်လာစေဖို့ မျှော်လင့်နေပါတယ်။ နာပိုလီနဲ့ပွဲမှာ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ပဲ ပြသနိုင်ခဲ့ပေမယ့် အန်ဖီးကွင်းမှာ အသင်းသားတွေက ခြားနားတဲ့ပုံစံတွေ ပြသလာဖို့ ကလော့ပ်က အလိုရှိနေတာပါ။

ယာဂင်ကလော့ပ်က ဘောလုံးပွဲတွေမှာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် သူက အားလုံးကို သိနားလည်သူဖြစ်ပြီး သုံးပွဲဆက်လောက် ရှူံးနိမ့်ခဲ့မယ်ဆိုရင် ဘောလုံးအကြောင်း နကန်းတစ်လုံးမှ မသိသူပါလို့ လူတွေက ထင်မြင်ကြမယ်လို့ ပြောပြပါတယ်။ သူကပဲ ဒါဟာ ဘောလုံးပဲဖြစ်တယ်ဆိုတာ နားလည်ပါတယ်လို့ ပြောလာပါတယ်။

ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်က ကမ္ဘာအကောင်းဆုံး ကစားသမားတွေ ကွင်းထဲမှာ စုဝေး ယှဉ်ပြိုင်ကြမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲကို ဘယ်လိုအကြောင်းနဲ့မှ လက်လွတ်ခံမှာ မဟုတ်ပါဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဘယ်အသင်းအနိုင်ရမယ်ဆိုတာ ခန့်မှန်းပေးဖို့ကိုတော့ 50-50 ပါပဲလို့ အဖြေပေးခဲ့ပါတယ်။

လီဗာပူးလူငယ်ကစားသမား ဝုဒ်ဘမ်းဟာ အဌားထွက်ကစားနေတဲ့ ရှက်ဖီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ လီဗာပူးအသင်းက ပွဲထွက်ခွင့်တွေအတွက် အဌားချထားပေမယ့် ဝုဒ်ဘမ်းဟာ လိဂ်ပွဲ 6 ပွဲမှာ 13 မိနစ်ပဲ ပွဲထွက်ခွင့်ရထားပါတယ်။

ချဲလ်ဆီးမန်နေဂျာ ဆာရီက အင်္ဂလိပ်ဘောလုံးဟာ ယခင်သုံးက ကိုယ်ပိုင် အင်္ဂလိပ်ဟန်တွေနဲ့ ကစားခဲ့ပေမယ့် မျက်မှောက်ခေတ်မှာ ဥရောပပိုဆန်လာပြီလို့ သုံးသပ်သွားပါတယ်။

ချဲလ်ဆီးအသင်း လူငယ်ဘယ်နောက်ခံကစားသမား အီမာဆန်ဟာ ကာရာဘောင်းနဲ့ ယူရိုပါလိဂ်တွေမှာ စွမ်းရည်ကောင်းတွေ ပြသနိုင်လို့ အလွန်ဆိုရဲ့နေရာမှာ ဖိအားပေးလာနိုင်မယ်လို့ ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။ ဆာရီက တိုက်စစ်လိုက်ရာမှာ အရှိန်ပိုကောင်းတဲ့ အစွန်လူမျိုးကို ပိုနှစ်သက်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးတိုက်စစ်သမား ဟာဇက်က ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား 4 ဦးစာရင်းထဲမှာ သူ့ဘာသာ မထည့်သွင်းပဲ ကန်တီ၊ ဆာလက်၊ ဒီဘရိုင်း၊ အဂွယ်ရိုတို့ကို ရွေးချယ်သွားပါတယ်။

ပဲလေစ့်မန်နေဂျာ ရွိုင်ဟောင်ဆန်ဟာ ချဲလ်ဆီးအသင်းမှာ နေရာမရဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ လော့တပ်ချိစ်ကို အဌားနဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်ရာသီလောက်က လီဗာပူး၊ မန်စီးတီး၊ တော်တင်ဟမ်အသင်းတွေနဲ့ ကွင်းအတွင်း လုပ်အားနှုန်း အများဆုံးစာရင်းမှာ စတုတ္ထနေရာမှာပဲ ရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာတော့ လိဂ်ရဲ့ လုပ်အားနှုန်းအမြင့်ဆုံး အသင်းအဖြစ် စာရင်းဝင်လာခဲ့ပါပြီ။

အာဆင်နယ်ကစားသမား အီဝိုဘီက စီနီယာအသင်းထံ တက်လှမ်းလာမှုမှာ သူဟာ ရမ်ဆေးကို အမြဲတမ်း အတုယူခဲ့ရပြီး ဝေလ်းကစားသမားကို ကလပ်အသင်းမှာပဲ ကာလရှည် ဆက်ရှိစေလိုတယ်လို့ ပြောဆိုပါတယ်။

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားလေး ရိုဝီက အသင်းမန်နေဂျာ အမ်မရီရဲ့ ကိုင်တွယ်မှုကို အားရကျေနပ်နေပါတယ်။ ရိုဝီဟာ အမ်မရီလက်အောက်မှာ ပိုမိုတောက်ပလာပြီး အာဆင်နယ်ရဲ့အနာဂတ်အဖြစ် တင်စားခံရမှုတွေလည်း ရှိနေပါတယ်။

ယူရိုပါလိဂ်ပွဲမှာ အနိုင်ရခဲ့လို့ အာဆင်နယ်အသင်းဟာ 2014-2015 နောက်ပိုင်း ပထမအကြိမ်အဖြစ် ပြိုင်ပွဲစုံ 8 ပွဲဆက်အနိုင်ကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်ပါတယ်။