အင်္ဂလန်ဘောလုံးလောကမှာ လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲကို အကြီးမားဆုံးပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ အင်္ဂလန်မှာ အအောင်မြင်ဆုံး အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်လို့ အခုလိုသတ်မှတ်ထားကြတာက မဆန်းပါဘူး။ တွေ့ဆုံတိုင်းမှာလည်း အမြဲတမ်းလိုလို အကြိတ်အနယ်ရှိပြီး တစ်သင်းနဲ့တစ်သင်း အရှုံးမပေးစတမ်းကစားကြတာဖြစ်လို့ ပရိသတ်အကြိုက် ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုကတော့ တနင်္ဂနေ့ည (မနက်ဖြန်)မှာ ရှိနေခဲ့ပြန်ပါပြီ။ လက်ရှိအချိန်မှာ လီဗာပူးလ်က ခြေစွမ်းထက်နေပြီး အမှတ်ပေးဇယားမှာ ရှုံးပွဲမရှိ ရပ်တည်နေသလို အိမ်ကွင်းမှာလည်း ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ရလာဒ်တွေ မတည်ငြိမ်ဖြစ်နေပြီး အဆင့် (၄)အတွင်း ၀င်ရောက်နိုင်ဖို့သာ လုံးပမ်းနေရလို့ အောက်အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီပွဲမှာ အနိုင်ရဖို့အတွက် လီဗာပူးလ်က ရေပန်းစားနေပြီး ယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ ရလာဒ်ကောင်းဖို့အတွက် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒီအတွက် မော်ရင်ဟို ဘယ်လိုတွေ လုပ်သင့်သလဲ၊ ဘယ်လိုနည်းစနစ်တွေ ပြောင်းလဲသင့်သလဲဆိုတာကို ဆွေးနွေးကြည့်ချင်ပါတယ်။

၁။ ပေါ့ဂ်ဘာကို ချန်လှပ်ခြင်း

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲမှာ ပေါ့ဂ်ဘာ ပါဝင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ယူနိုက်တက်မှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းတွေကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပေါ့ဂ်ဘာဟာ အသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် (၂)ပွဲမှာ ချန်လှပ်ခံခဲ့ရပါတယ်။ ပေါ့ဂ်ဘာက ပရီးမီးယားလိဂ်ရဲ့ ဘောလုံးဆုံးရှုံးမှု အများဆုံး ကစားသမား (၆)ယောက်ထဲမှာ တစ်ဦးအဖြစ် ပါဝင်နေခဲ့ပြီး ကျန်ကစားသမား (၅)ဦးကတော့ တိုက်စစ်မှူး နဲ့ တောင်ပံကစားသမားတွေ ဖြစ်နေခဲ့လို့ ကွင်းလယ်ကစားသမားအဖြစ် သူတစ်ဦးတည်းသာ ရှိနေခဲ့ပါတယ်။ သူ မပါဝင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ပွဲတွေမှာ အသင်းကစားပုံက ပိုမိုကောင်းမွန်ခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဟာရဲရားက ခြေစွမ်းပြကစားနေပြီး ယူနိုက်တက်ကစားကွက်က အရင်ပွဲတွေကထက်စာရင် အများကြီး ကောင်းမွန်လာခဲ့ပါတယ်။ နောက်တစ်ချက်က ပေါ့ဂ်ဘာက ဘောလုံးဆုံးရှုံးမှုအများဆုံး ကစားသမား အယောက် (၂၀)ထဲမှာ ပါဝင်တဲ့ ဗဟိုကွင်းလယ်ကစားနှစ်ဦးထဲက တစ်ဦးဖြစ်နေခဲ့ပါတယ်။ တိုက်စစ်မှူး နဲ့ တောင်ပံတိုက်စစ်မှူးတွေ ဘောလုံးဆုးရှုံးတာကို နားလည်ပေးလို့ရပေမယ့် ကွင်းလယ်ကစားသမားတစ်ယောက်အတွက် အခုလို မှတ်တမ်းဝင်နေတာက လက်မခံနိုင်စရာပါ။ မော်ရင်ဟိုနဲ့ ဆက်ဆံရေးအဆင်မပြေသလို နည်းစနစ်ပိုင်းမှာလည်း ရုန်းကန်နေခဲ့ရပြီးနောက် လီဗာပူးလ်နဲ့ပွဲမှာ သူ့ကို ချန်လှပ်သင့်ပါတယ်။ အထူးသဖြင့် ကလော့ပ်ရဲ့ High Pressing နဲ့ High Intense ဖြစ်လွန်းတဲ့ ကစားကွက်မှာ ပေါ့ဂ်ဘာလို ဘောလုံးဆုံးရှုံးမှုများတဲ့ ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် ယူနိုက်တက်ဟာ လီဗာပူးလ်ရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို ထိန်းသိမ်းနိုင်ဖို့ အခက်တွေ့သွားပါလိမ့်မယ်။

၂။ လီဗာပူးလ်ရဲ့ ညာခြမ်းခံစစ်ကို ပစ်မှတ်ထားသင့်တဲ့ လူကာကူ နဲ့ မာရှယ်

ဗန်ဒိုက်ဦးဆောင်နေတဲ့ လီဗာပူးလ်ခံစစ်ကြောင်းက ဒီနှစ်မှာ တော်တော်လေး ကျစ်လစ်သိပ်သည်းနေပါတယ်။ ပွဲတိုင်းလိုလိုမှာ အစီအစဉ်ကြေငြာသူက Solid Defence လို့ မကြာခဏဆိုသလို ချီးကျူးပြောဆိုနေရတဲ့အထိကို တောင့်တင်းနေခဲ့တာပါ။ ဒီခံစစ်တန်းရဲ့ နောက်မှာ အယ်လစ်ဆန်လိုမျိုး ဂိုးသမားကလည်း ရှိနေခဲ့တဲ့အတွက် ကလော့ပ်ရဲ့ အိတ်ပေါက်နဲ့ ဖားကောက်နေခဲ့ရတဲ့ ဘောလုံးရာသီတွေက နိဠိတံသွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ ကစားမယ့်ပွဲမှာ လီဗာပူးလ်ခံစစ်တန်းက ပြသနာတွေ ရှိနေပါပြီ။ ဂျိုးဂိုမက်ဇ် ဒဏ်ရာရရှိသွားသလို မာတစ် နဲ့ အာနိုးလ်တို့ ဒီပွဲကို ပါဝင်ကစားနိုင်ဖွယ် မရှိပါဘူး။ ဒီအတွက် ညာအစွန်ခံစစ်မှာ မီလ်နာက တာဝန်ယူလာမှာ ဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ဖာဘင်ဟိုကို ပွဲထွက်လာဖွယ် ရှိပါတယ်။ ဗဟိုခံစစ်မှာ လော်ဗရန်ကို ဗန်ဒိုက်နဲ့ တွဲပေးဖွယ်ရှိပါတယ်။ ညာဗဟိုခံစစ်မှာ လော်ဗရန် ပါဝင်လာခဲ့မယ်ဆိုရင် မီလ်နာနဲ့ သူတို့ဘက်ခြမ်းကို ယူနိုက်တက်က အခွင့်အရေးယူသင့်ပါတယ်။ အသက်အရွယ်အရ အကျပိုင်းရောက်တာမြန်ဆန်တဲ့ သူတို့ရဲ့ ကစားအားကို မာရှယ်ရဲ့ တိုးအား၊ ရုန်းအားနဲ့ လူကာကူရဲ့ off the ball movements တွေကို အကောင်းဆုံးအသုံးချနိုင်မယ်ဆိုရင် လီဗာပူးလ်ခံစစ်တန်း ဖရိုဖရဲဖြစ်လာပြီး ယူနိုက်တက်အတွက် အခွင့်အရေးတွေ ရလာဖို့ ရှိပါတယ်။ လော်ဗရန်က ကမ္ဘာ့ဖလားမှာကတည်းက ကြံ့ခိုင်မှုပြသနာ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ အခြားညာနောက်ခံလူဖြစ်တဲ့ နသန်ကလိုင်းက ဒဏ်ရာက ပြန်ကောင်းမွန်လာပြီဆိုပေမယ့် ပွဲဆက်ပြတ်နေမှု၊ အဓိကပွဲကို ပါဝင်ကစားရမှုတွေနဲ့ ကြုံတဲ့အခါမှာ အားနည်းနေဦးမှာပါ။ ဒီအခွင့်အရေးကို မော်ရင်ဟို အရယူသင့်ပါတယ်။ လော်ဗရန် နဲ့ ဗန်ဒိုက်တို့ကြားထဲက နေရာလွတ်တွေထဲကို လူကာကူသာ ၀င်တိုးနိုင်ခဲ့မယ်ဆိုရင် ဘယ်ခြမ်းကနေ ဘောလုံးနဲ့အတူ ဧရိယာထဲ ဆွဲပြေးဝင်လာတတ်တဲ့ မာရှယ်အတွက် အကောင်းဆုံးအခွင့်အရေးတွေ ပေါ်ပေါက်လာမှာပါ။

၃။ ကစားကွက်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲပြီး ကစားသင့်တယ်

ဒီပုံစံကို ဘာလိုကစားသင့်လဲဆိုတော့ ယူနိုက်တက်က ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းကစားတဲ့အခါမှာ အထလေးပါတယ်။ နှေးလည်းနှေးပါတယ်။ ဒီအတွက် ပြိုင်ဘက်ကစားသမားတွေက တာဝန်ကျရာ နေရာတွေကို အသင့်နေရာယူနိုင်ခဲ့တဲ့အခါမှာ သူတို့ရဲ့ ကစားပုံက ဆွံ့အသွားပြီး သာမန်ပေးပို့မှုတွေနဲ့ပဲ ပွဲကို ထိန်းနေခဲ့ရလို့ပါ။ ဒီအချက်က လီဗာပူးလ်အတွက် အားသာချက်ဖြစ်သွားပါလိမ့်မယ်။ ဒီအတွက် ယူနိုက်တက်အနေနဲ့ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းမှုကို မြန်မြန်ဆန်ဆန်လေး ကစားနိုင်ရင် အကောင်းဆုံးပါ။ ယူနိုက်တက်မှာ လင်ဂတ်လိုမျိုး Pace Attacker ရှိပြီး ရက်ဖို့ဒ်၊ မာရှယ်၊ လူကာကူတို့လည်း ရှိတဲ့အတွက် တကယ်ကစားရင် ကစားနိုင်မှာပါ။ ဒုတိယအချက်မှာ ဖော်ပြထားသလို လီဗာပူးလ်ခံစစ်တန်းက အလွယ်တကူလိုက်လျောညီထွေ ကစားနိုင်ဖို့အတွက် အခက်ကြုံနေချိန်မှာ ဒီအချက်နဲ့ သူတို့ကို ထိုးနှက်နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ ခါတိုင်းပွဲတွေလို နှေးကွေးလေးလံနေမယ်ဆိုရင်တော့ လီဗာပူးလ်နောက်တန်းက (၆)ဂိုးသာ ပေးထားရပြီး (၁၀)ပွဲအထိ Clean Sheets ရထားတဲ့ စံချိန်မှာ နောက်တစ်ပွဲ ထပ်တိုးသွားပါလိမ့်မယ်။ မော်ရင်ဟိုအနေနဲ့ ခံစစ်ကို အသေထိုင်ပြီး ကစားမယ့်အစား လီဗာပူးလ်ကို သူတို့ရဲ့ ကစားကွက်အတိုင်း Pressing ကောင်းကောင်းပေးပြီး ကစားနိုင်မယ်၊ အားနည်းနေတဲ့ ညာခံစစ်ခြမ်းကို ဖိအားပေးနိုင်မယ်ဆိုရင် အန်ဖီးလ်မှာ ရလာဒ်ကောင်းတွေ ရယူနိုင်ပါလိမ့်မယ်။

FOX Sports