အာဆင်နယ် ကစားသမားဟောင်း မာတင်ကီယွန်က လက်ရှိ ယူနိုက်တက် အသင်းဟာ သူ မြင်ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် မဟုတ်ဘဲ ၂၅ နှစ်အတွင်း အဆိုးဆုံး ပုံစံဖြစ်နေပြီလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ကိုယ်ပိုင်ပုံစံ ပျောက်ဆုံးနေပြီလို့ ၄င်းက ဆိုလိုက်ပါတယ်။

မော်ရင်ညိုဟာ လွန်ခဲ့တဲ့ နှစ်များဆီက ကဲ့သို့ သူမတူ ထူးခြားတဲ့ နည်းပြမျိုး မဟုတ်တော့ဘူးလို့ လီဗာပူးကစားသမားဟောင်းကြီး ရီဆားက ဝေဖန်လိုက်ပါတယ်။ သူ့အနေနဲ့ မော်ရင်ညို ဒါမှမဟုတ် ကလော့ပ်ကို မန်နေဂျာအဖြစ် သူကစားမယ့် အသင်းတစ်သင်းမှာ စီမံခန့်ခွဲဖို့ ရွေးချယ်ရမယ်ဆိုရင် ကလော့ပ်ကိုပဲ သူရွေးမှာ ဖြစ်ကြောင်း ရီဆားက ဆိုပါတယ်။

လီဗာပူးနဲ့ တွေ့မယ့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က လျှော့တွက်ရမယ့် အောက်အသင်း မဟုတ်ဘူးလို့ တိုက်စစ်မှူး ရပ်ရှ်ဖို့က ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် ထိုပွဲကို အနိုင်ယူဖို့ သွားရောက် ကစားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘန်လေကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ၁၈နှစ်သား လူငယ် ကွင်းလယ်ကစားသမားလေး အိုလီဗာ စကစ်က စပါးအသင်းအတွက် ပွဲထွက် ကစားခွင့်ရခဲ့ပြီး ဘေးလ်နောက်ပိုင်း စပါးအတွက် အသက် အငယ်ဆုံး ပွဲထွက်ကစားသူ ဖြစ်လာပါတယ်။ စပါးဟာ မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်ပေမယ့် လူစားဝင်ကစားသမား အဲရစ်ဆန်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ဝင်ဘာလေမှာ အနိုင်သုံးမှတ်ရခဲ့ပါတယ်။

ဘန်လေကို ဝင်ဘာလေကွင်းမှာ ၁-၀ နဲ့ အနိုင်ပြီးနောက် စပါးမန်နေဂျာ ပိုချက်တီနိုဟာ ကလပ်အသင်းအတွက် ပရီးမီးယားလိဂ်နိုင်ပွဲ ၁၀၀ ကို ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး မန်နေဂျာဖြစ်လာပါတယ်။

ဘယ်လ်ဂျီယံသား ခံစစ်မှူး ဗာတွန်ဂန်က ပေါင်ခြံဒဏ်ရာ ရှိနေတဲ့အတွက် ဘန်လေနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဒိုင်ယာက ဗိုင်းရပ်စ် ရောဂါပိုး ရှိနေတဲ့အတွက် ထည့်သွင်း မကစားဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က လီဗာပူးအသင်းရဲ့ ကျစ်လစ်တဲ့ ခံစစ်နဲ့ ထက်မြက်တဲ့ တိုက်စစ်ကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ပွဲဆက် မှတ်တမ်းကောင်းကို ဆက်ထိန်းသွားဖို့ ယူနိုက်တက်နဲ့ပွဲ မတိုင်ခင်မှာ အသင်းသားတွေကို တိုက်တွန်းသွားပါတယ်။

လီဗာပူးလူငယ်ကစားသမား အယ်ဂျာရီယာဟာ စကော့လိဂ် ရိန်းဂျားအသင်းကို အငှားထွက်ကစားရာက စာချုပ်ဖျက်ပြီး မဲဝုဒ်ကို ပြန်လာပြီဖြစ်ပါတယ်။ အယ်ဂျာရီယာဟာ စကော့လိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုမှုကို အသားမကျသလို ကလပ်အသင်းနဲ့လည်း ပြဿနာအနည်းငယ် ဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။

ယူနိုက်တက်ပွဲကြို လီဗာပူးအသင်း လေ့ကျင့်ရေးမှာ အသက် ၁၆ နှစ်အရွယ် ဟော်လန်သား လူငယ် ခံစစ်မှူးလေး Ki-Jana Hoever ပါဝင်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နွေကမှ အေဂျက်အသင်းကနေ ခေါ်ယူထားတဲ့ Ki-Jana ဟာ ညာခြမ်းခံစစ်ရော ဗဟိုခံစစ်နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူး မိုဆာလက်က ဘီဘီစီက ချီးမြှင့်တဲ့ ၂၀၁၈ အတွက် အာဖရိက အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ ဆာလက်က ၂၀၁၇ နှစ်ကလည်း ထိုဆုကို လက်ခံရရှိဖူးတာ ဖြစ်လို့ နှစ်နှစ်ဆက် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အိမ်ကွင်းအီသီဟတ်ကွင်းမှာ အဲဗာတန်ကို ဧည့်ခံယှဉ်ပြိုင်တဲ့ ပွဲမှာတော့ အိမ်ရှင် မန်စီးတီးက ဂျီးဆုရဲ့ သွင်းဂိုး ၂ ဂိုး၊ လူစားဝင်တိုက်စစ်သမား စတာလင်ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ အမှတ်ပေးဇယား ပထမနေရာကို ပြန်လည် သိမ်းပိုက်သွားပါတယ်။ ထိုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဂျီဆုကပဲ ရရှိသွားပါတယ်။

ဒီဘရိုင်း ပြန်ကစားနိုင်တာက အရေးပါပြီး အဲဗာတန်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ဒီဘရိုင်းက ကြားရက် ကာရာဘောင်းပွဲ လက်စတာနဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားမှာ ဖြစ်ကြောင်း ပက်က ပြောကြားသွားပါတယ်။

အီတလီဘက်က သတင်းများအရ မန်စီးတီးဟာ နာပိုလီ ကွင်းလယ်ကစားသမား အလန်ကို စောင့်ကြည့်နေတဲ့ ဥရောပ ထိပ်သီး ကလပ်အသင်းတွေထဲ ပါဝင်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ရာသီက စလို့ နာပိုလီအတွက် ပွဲတိုင်း ပါဝင်ကစားထားသူ ဖြစ်ပါတယ်။ အလန်ကို မန်စီးတီးအပြင် ဘိုင်ယန်မြူးနစ်နဲ့ မိုနာကိုအသင်းတို့ကလည်း ခေါ်ယူဖို့ လိုလားနေတယ် ဆိုပါတယ်။

ချယ်ဆီးအသင်းမှာ ကစားခွင့် မရတဲ့အတွက် စီနီယာ ကစားသမားတွေရဲ့ စောဒကတက်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆာရီက အ၀တ်လဲခန်းအတွင်းက စကားသံတွေကို တိတ်ဆိတ်စေဖို့ ဇန်န၀ါရီမှာ ကစားသမား ရောင်းထုတ်မှုတွေ ပြုလုပ်ဖို့ ကြံရွယ်နေပါတယ်။

ချယ်ဆီးအသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်က ချယ်ဆီးပရိသတ်များရဲ့ လူမျိုးရေးခွဲခြားတဲ့အပြုအမူနဲ့ ပတ်သတ်ပြီး အကြောင်းကြားမှုများ ဆက်တိုက် ရရှိနေကာ စတားလင်းကို ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး မနှစ်မြို့ ဖြစ်နေတယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်း တာဝန်ရှိသူ တစ်ဦးက ထိုအပြုအမူမျိုးကို အသင်းဘက်က ရှုံ့ချကြောင်းနဲ့ အသင်းမှာကော လူမှုပတ်ဝန်းကျင်မှာပါ အဆိုပါကိစ္စရပ်များအတွက် နေရာ မပေးနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းမှ အင်္ဂလန်လက်ရွေးစင် ဝဲလ်ဆန်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားကို လန်ဒန်ကလပ်ဘက်ကတော့ ပေါင် သန်း ၃၀ ပေးပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။ ချယ်ဆီးဟာ ခြံပေါက်ကစားသမားနည်းပါးခြင်းကြောင့် ဗြိတိန်သားတွေကို ခေါ်ယူဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်သီး ၄သင်းထဲ ၀င်ဖို့ အာဆင်နယ်အသင်းအနေနဲ့ ဒိထက်ပိုပြီး တိုးတက်အောင် လုပ်ရမှာတွေ ရှိသေးကြောင်း အာဆင်နယ် နည်းပြ အမ်မရီက ၀န်ခံ ပြောကြားလိုက်ပါတယ်။ ကွင်းလယ်ကစားသမား အိုဇေးလ်က ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်ကြောင်း အမ်မရီက ပြောကြားလိုက်ပြီး စနေနေ့ အသင်း လေ့ကျင့်ရေးမှာလည်း အိုဇေးလ် ပါဝင်နေတာ တွေ့ရှိရပါတယ်။

ယူရိုပါလိဂ် ကွာရာဘတ်နဲ့ပွဲ အမ်မးရိတ်ကွင်းမှာ ပွဲ စ ကစားချိန် ၃ မိနစ် နောက်ကျခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ UEFA ရဲ့ အရေးယူမှု ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုပွဲစဉ်မှာ ပရိသတ်တစ်ဦးက အယ်လ်မေးနီးယားနိုင်ငံ အလံကိုင်ပြီး ကွင်းထဲ ၀င်ရောက်ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း အာဆင်နယ် စစ်ဆေးခံရဖို့ပါ ရှိနေပါတယ်။

ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြမှုမှာတော့ အာဆင်နယ်နဲ့ စပါးတို့ဟာ ဟော့ဖန်ဟိမ်းကွင်းလယ်လူ Florian Grillitsch ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် 23 နှစ်အရွယ် ကွင်းလယ်လူကို နှစ်သင်းလုံးက ရမ်ဆေးနဲ့ ဒမ်ဘီလီနေရာတွေမှာ အစားထိုးလိုနေတာဖြစ်ပြီး လာမယ့်ရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားမှုအနေနဲ့ ကိုယ်စာလှယ်တွေ စေလွှတ်ထားတယ်လို့ ဖော်ပြပါတယ်။