လီဗာပူးအသင်းဟာ ရာဇ၀င်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းအန်းဖီးမှာ ၃ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ပထမနေရာကို ပြန်လည် သိမ်းပိုက်သွားပါပြီ။ လီဗာပူးအတွက် ဂိုးတွေကို မာနေး ၁ ဂိုး နဲ့ ဒုတိယပိုင်းမှ လူစားဝင် ကစားတဲ့ ရှာကီရီက ၂ ဂိုး သွင်းယူခဲ့တာပါ။

အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ ဝါရင့်ကွင်းလယ်ကစားသမားကြီး မီလ်နာဟာ အရန်စာရင်းမှာတောင် မပါလာခဲ့ပါဘူး။ ကြွက်သားဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး ကလိုင်းက ယခင်နှစ် ဘောလုံးရာသီက မေလ ၆ ရက်မှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခဲ့ပါတယ်။

၂၀၁၃-၁၄ ဘောလုံးရာသီမှာ အမှတ်ပေးဖလားနဲ့ အလွန်နီးစပ်ခဲ့ပါလျက် နောက်ဆုံး သီတင်းပတ်တွေက ခြေချော်မှုကြောင့် လက်လွှတ်လိုက်ရတဲ့ နောင်တကို အမှတ်ရနေပြီး ထိုသင်ခန်းစာများက လီဗာပူး ဒီရာသီ အမှတ်ပေးဖလား ရယူနိုင်ဖို့ လမ်းကြောင်းမှာ အထောက်အကူ ဖြစ်နိုင်မယ်လို့ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လီဗာပူးနဲ့ပွဲမှာ ၃ ဂိုး ပေးလိုက်ရတဲ့နောက် ဒီရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားပြီးချိန်မှာတင် ပေးဂိုး ၂၉ ဂိုးထိ ရှိသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ မနှစ်က တစ်ရာသီလုံး ပရီးမီးယားလိဂ်မှာ ၂၈ ဂိုးသာ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်မှာ ဘောလုံးပေးပို့မယ့်သူ မရှိဘဲ ဟာကွက်ကြီးနဲ့ တစ်ပွဲလုံး ကစားသွားတယ် ဝေဖန်ခံနေရသော်လည်း မော်ရင်ညိုက ပေါ့ဘာကို ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ဘောလုံးမပါဘဲ ဖိအားပေးမှုတွေ အင်တိုက်အားတိုက် ကစားသွားဖို့ ရည်ရွယ်လို့ ဒီပွဲမှာ တမင်ချန်လှပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်က မော်ရင်ညိုကို ရာထူးက ထုတ်သင့်ပြီးလားဆိုတဲ့ ဆွေးနွေးမှုမှာ ဂယ်ရီးနဗီး ပါဝင်ဆွေးနွေးသွားပါတယ်။ သူကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီက မော်ရင်ညိုကို စာချုပ်သစ် ကမ်းလှမ်းခဲ့တာက လက်ရှိ မန်ချက်စတာ ယူနိုက်တက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေရဲ့ အစပဲလို့ ဂယ်ရီနဗီးလ်က ဝေဖန်လိုက်ပါတယ်။

မနေ့က ညနေပိုင်းမှာ တောင်တင်ဟမ်အသင်းဟာ အသင်းပရိသတ်တွေနဲ့ ကွင်းသစ် အစမ်းမိတ်ဆက်ပွဲ လုပ်ပေးခဲ့ပါတယ်။ တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ စပါးပရိသတ် ၆၀၀၀ ကျော်က ကွင်းတွင်းကို ဝင်ခွင့်ရခဲ့ပြီး လေ့လာခွင့်ရခဲ့တာပါ။ ကွင်းသစ်က အတော်လေး ခမ်းနားပြီး အစမ်းပြသမှုမှာ ပရိသတ်တွေကတော့ အတော်လေး နှစ်သက်နေကြပါတယ်။

တော်တင်ဟမ် ပရိသတ်တွေက အသင်းကနေ ရီးရဲမက်ဒရစ်ကို ထွက်ခွာဖို့ သတင်းကြီးနေတဲ့ အဲရစ်ဆန်နေရာမှာ အစားထိုးဖို့ရာ စပိန်လူငယ်ကစားသမား အဆန်စီယိုကို အလိုရှိနေပါတယ်။ ပြောင်းရွှေ့မှု တစ်စိတ်တစ်ဒေသအဖြစ် အဆန်စီယိုကို ပြန်လည်ခေါ်ယူခွင့်နဲ့ ပက်သက်ပြီး သဘောထားကောင်းခံရာမှာ ဆန္ဒမဲပေးသူ 73% လောက်က သဘောတူခဲ့ကြပါတယ်။

ချယ်ဆီးအသင်းဟာ ဟာဇက်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဘရိုက်တန်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ပြီး ၁-၂ ရလဒ်နဲ့ အဖိုးတန် အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာကနေ ဦးဆောင်သူအသင်းတွေကို ဆက်လက်ဖိအားပေးနေပါတယ်။

ဥရောပ လိဂ်ကြီး ၅ ခုမှာ သွင်းဂိုးကော၊ ဂိုးထောက်ပံ့မှုမှာပါ ၈ ကြိမ်အထက်စီ လုပ်နိုင်တဲ့ ကစားသမားအဖြစ် ဟာဇက်ကလည်း မက်ဆီနောက်မှာ ရပ်တည်သွားခဲ့ပါပြီ။ မက်ဆီက ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် ပြုလုပ်ထားကာ ဟာဇက်က ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ထားပါတယ်။ ဟာဇက်ရဲ့မှတ်တမ်းက ပရီးမီးယားလိဂ်မှာတော့ အမြင့်ဆုံးဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒေါ့မွန်တောင်ပံလူ ပူလာဆစ်ကို ပေါင် သန်း ၆၀ နဲ့ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပြီလို့ သတင်းတွေထွက်လာပါတယ်။ လီဗာပူးကို အသားစီးရနိုင်မယ့် အဆိုပါ ခေါ်ယူမှု ပြီးမြောက်မယ်ဆိုရင် လူငယ်တောင်ပံသမား အိုဒွိုင်းကို ဂျာမနီကလပ်တွေထံ လက်လွတ်သွားဖို့ ရှိနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိ မှတ်တမ်း ၂၂ ပွဲဆက်ခဲ့ပြီးတဲ့နောက် ဒီတစ်ပတ်မှာတော့ ဆောက်သမ်တန်အသင်းကို စိန့်မေရီမှာ ရှုံးနိမ့်သွားတာကြောင့် ၂၃ ပွဲမြောက်မှာ ရပ်တန့်သွားပြီ ဖြစ်ပါတယ်။

စိန့်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်တဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့ မီခီတာရန်ဟာ အာဆင်နယ်ကစားသမားဘဝ ၂၅ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့ပါပြီ။ ဒါဟာ ယူနိုက်တက်မှာ ၃၉ ပွဲ ကစားပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့တာထက် ပိုကောင်းတဲ့မှတ်တမ်းဖြစ်ပါတယ်။

ဆောက်တမ်တန်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ အမ်မရီဟာ ကွင်းလယ်လူနှစ်ဦးကို အစွန်လူတွေအဖြစ် အသုံးပြုရသလို၊ အစွန်လူနှစ်ဦးကို ဗဟိုခံစစ်သမားတွေအဖြစ် ပွဲချိန်တွင်း ပြောင်းလဲကစားစေခဲ့ပါတယ်။ ဒါ့အပြင် ဇာခါကို ဗဟိုခံစစ်သမားအဖြစ် ကစားစေတယ်လို့လည်း ယူဆလို့ရပါတယ်။ ဒဏ်ရာပြဿနာဟာ အာဆင်နယ်ကို ထိခိုက်မှုကြီးတွေ ပေးနေခဲ့ပါပြီ။

မန်စီးတီးအသင်းဟာ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာလိုနေတဲ့ စပိန်ကွင်းလယ်လူ အစ္စကိုအတွက် ကမ်းလှမ်းမှုကို ဝင်ပါသွားမှာ မဟုတ်ပါဘူး။ ဂွာဒီယိုလာက ဂွာဒီယိုစိတ်ကြိုက် နံပါတ် 8 ကွင်းလယ်လူ (သို့) တောင်ပံပုံစံကို ကစားနိုင်မယ့်သူ မဟုတ်လို့ စီးတီးက အစ္စကို ကို လက်ရှောင်သွားမှာဖြစ်ပါတယ်။

ကြားရက် ကာရာဘောင်းပွဲအဖြစ် လက်စတာနဲ့ မန်စီးတီးပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် လီမေဆန် တာဝန်ယူကိုင်တွယ်ပါမယ်။ မေဆန်ဟာ ဒီရာသီ မန်စီးတီးပွဲတွေမှာ တတိယအကြိမ်မြောက် တာဝန်ယူကိုင်တွယ်တာပါ။ VAR စနစ်ကို အသုံးပြုမှာဖြစ်ပြီး ဂရေဟမ်စကော့က တာဝန်ယူကြီးကြပ်မှာဖြစ်ပါတယ်။

လူမျိုးရွေးခွဲခြားခြင်းတွေ ခံနေရတဲ့ မန်စီးတီးတိုက်စစ်သမား စတာလင်ကို ကမ္ဘာကျော် အားကစားကုမ္ပဏီ Nike ဘက်က ထောက်ခံမှု လုပ်သွားပါတယ်။ သူတို့ရဲ့ ကြေညာအသစ်မှာ စတာလင်ပုံရိပ်ကို ထည့်သွင်းအသုံးပြုပြီး ကစားသမားကို အားပေးထောက်ခံသွားခဲ့တာပါ။