ယူနိုက်တက် မန်နေဂျာ အပြောင်းအလဲသတင်းကို လီဗာပူးကို ရှုံးတဲ့ပွဲအပြီးမှာ အများက နားစွင့်နေကြပေမယ့် ဘာထူးခြားမှုမှ မရှိကြောင်းနဲ့ မော်ရင်ညိုက နောက်တစ်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြထားပါတယ်။ မော်ရင်ညိုရဲ့ ရာထူးက လောလောဆယ်တော့ ဆက်လက် တည်မြဲနေမှာပါ။

ယူနိုက်တက်က မာရှယ်ရဲ့ စာချုပ် တစ်နှစ် သက်တမ်းတိုးခွင့်ကို အသင်းဘက်က အသုံးချလိုက်ပြီး နောက်ထပ် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာနဲ့ပတ်သတ်ပြီး ဘိုင်ယန်နည်းပြ Niko Kovac က – “လီဗာပူးအသင်းက ကျနော်တို့ ကျနိုင်တဲ့ ပြိုင်ဘက်တွေထဲကမှ အခက်ဆုံးအသင်းပါ။ ပြီးခဲ့တဲ့ ရာသီက သူတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့ပြီး ဒီရာသီမှာလည်း ဗိုလ်စွဲဖို့ ရေးပန်းစားတဲ့ထဲမှာ ပါဝင်နေတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

၂၀၁၈ ဥရောပ အကောင်းဆုံးကစားသမားဆု Golden Boy 2018 ကို အေးဂျက် ဗဟိုခံစစ်မှူး ဒီလစ် ရရှိသွားပြီး ဒုတိယဆုကိုတော့ လီဗာပူး လူငယ်ခံစစ်သမား ထရန့် အလက်ဇန္ဒါး အာနိုးက ရရှိသွားပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်ကို ယခင် ဘွန်ဒစ်လီဂါမှာ ရင်ဆိုင်ဖူးပြီး ၂၉ ပွဲ တွေ့ဆုံခဲ့ရာမှာ ၉ ပွဲနိုင် ၄ပွဲ သရေနဲ့ ၁၆ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။

ချယ်ဆီးအသင်းအတွက် ခြေစွမ်းပြရင် အဓိက ကစားသမား ဖြစ်လာပြီ ဖြစ်တဲ့ ခံစစ်မှူး ရူဒီဂါက အသင်းမှာ ပျော်ရွှင်နေပြီ ဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။ ဒါပေမယ့် စာချုပ်သစ်အတွက် အလောတကြီး လုပ်ဦးမှာ မဟုတ်ဘဲ လက်ရှိ စာချုပ်ကလည်း ၃ နှစ်ခွဲလောက် ကျန်ပါသေးတယ်လို့ ၄င်းက ဆိုပါတယ်။

ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှာ ချယ်ဆီး စီနီယာအသင်းကြီးက ဆွီဒင် ကလပ် Malmo အသင်းနဲ့ တွေ့ဆုံနေပြီး UEFA လူငယ်လိဂ် ပြိုင်ပွဲ၉ယ် ချယ်ဆီး လူငယ်အသင်းကတော့ မိုနာကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘရိုက်တန်ကို နိုင်ခဲ့ပေမယ့် ထိုပွဲစဉ်မှာ ချယ်ဆီးအသင်းသားတွေက ယုံကြည်မှု လွန်ကဲနေတယ်လို့ နည်းပြ ဆာရီက ဝေဖန်သွားပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒိထက် ဖိဖိစီးစီး ပိုကစားပြီး ဂိုးသွင်းထားခဲ့သင့်တယ်လို့ ဆာရီက ဆိုပါတယ်။ ထိုပွဲလို အခြေအနေမျိုးက အသင်းအတွက် အန္တရာယ်ရှိကြောင်းလည်း သတိပေးခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမှာ အော်စတင်ရဲ့ အနိုင်ဂိုး ခွင့်ပြုလိုက်တဲ့ အပေါ် ဂိုးသမား လီနို ဒိထက်ပိုပြီး ကောင်းမွန်စွာ ကာကွယ်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ လီနိုကတော့ သူ့အနေနဲ့ ဒီလို အနေအထားမှာ စွန့်စားမှု ပြုကို ပြုလုပ်ရမှာ ဖြစ်ပြီး ဘောလုံးကို ပုတ်ထုတ်ရာမှာလည်း အနည်းငယ် ထိခဲ့မိကြာင်း၊ ကံမကောင်းလို့သာ ဂိုးဝင်သွားတာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဖြေရှင်းစကား ဆိုသွားပါတယ်။

လာမယ့် ဇန်န၀ါရီမှာ ကစားသမားသစ် ခေါ်ယူဖြစ်ဖွယ် မရှိကြောင်း အမ်မရီ ထုတ်ပြောလိုက်တဲ့အတွက် ပရိသတ်တွေက ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။ ခံစစ်မှာ ဒဏ်ရာရ ကစားသမား များပြားနေတဲ့ အာဆင်နယ်အဖို့ ပရီးမီးယားလိဂ် ခရီးရှည်ကြီးမှာ အခက်အခဲတွေ ရှိဦးမှာပါ။

ဆောက်သမ်တန် မန်နေဂျာသစ် Ralph Hasenhuttl က အာဆင်နယ်နဲ့ ပွဲအပြီးမှာ အူနိုင်းအမ်မရီကို လက်ဆွဲ နှုတ်ဆက်ဖို့ မေ့လျော့သွားတဲ့အတွက် တောင်းပန် စကား ဆိုလိုက်ပါတယ်။ ပွဲပြီးခါနီးမှ ရတဲ့အနိုင်ဂိုးကြောင့် စိတ်လှုပ်ရှားကာ မေ့လျော့သွားခဲ့မိတယ်လို့ ၄င်းက ၀န်ခံပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် အသင်းက ဆာနေးရဲ့ အသင်းဟောင်း ရှောလ်ကေး ဖြစ်သလို ရှော်လ်ကေးဘက်မှာလည်း အသင်းဟောင်း မန်စီးတီးကို ရင်ဆိုင်မယ့် ခံစစ်မှူး Matija Nastasic ရှိနေတာ ဖြစ်ပါတယ်။ Nastasic ကတော့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ နှစ်ခြိုက်သဘောကျပြီး သူ့အတွက် အထူးပွဲစဉ် နှစ်ခု ရှိတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ Nastasic ဟာ မန်ချီနီရဲ့ လက်ထက်မှာ စီးတီးအသင်းသား အဖြစ် ပထမရာသီ စတင်ခဲ့သူပါ။

ကြားရက်မှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် လက်စတာအသင်းမှာလည်း အဓိက ကစားသမားများ ဒဏ်ရာရတဲ့ ပြဿနာ ရှိနေပါတယ်။ လက်စတာရဲ့ ဘယ်ခြံမ်းခံစစ်မှူး ဘန်ချင်းဝဲလ်က ဒူးဒဏ်ရာ ရှိနေပြီး ဒန်နီရယ် အမာတေးကလည်း ဒဏ်ရာကြောင့် လွဲချော်မှာပါ။ ဗာဒီတစ်ယောက် ပါဝင် ကစားဖြစ် မဖြစ်ကိုတော့ နောက်ဆုံးမိစနစ်မှ ဆုံးဖြတ်ရဖွယ် ရှိပြီး မက်ဂွဲယားကတော့ ပြန် ပါဝင်လာမှာပါ။

ဇန်န၀ါရီမှာ ခေါ်ယူဖို့ နာမည်ကြီးနေတဲံ စီးတီးပစ်မှတ် ဒီဂျောင်နဲ့ ပတ်သတ်ပြီး ၄င်းရဲ့မိခင်ကလပ်အသင်း အေဂျက်အသင်း CEO က ကစားသမားကို ဘောလုံးရာသီ တ၀က်မှာ လက်လွှတ်ဖို့ အစီအစဉ် လုံးဝ မရှိဘူးပြောကြားကာ သတင်းများကို ပယ်ချသွားပါတယ်။

တော့တင်ဟမ် စပါး ဂိုးသမား Hugo Lloris ကတော့ လိဂ်ဖလား ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းကို ရှုံးကြွေး ပြန်ဆပ်ဖို့ ပစ်မှတ်ထားနေပါတယ်။ စပါးအသင်းဟာ လတ်တလော သီတင်းပတ်မှာတင် အာဆင်နယ်ကို အမ်းမရိတ်မှာ ၄ဂိုး ၂ဂိုနဲ့ ရှုံးနိမ့်ထားခဲ့ရတာပါ။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘီဘီစီက ချီးမြှင့်တဲ့ 2018 BBC Sports Personality of the Year ဆု တတိယနေရာမှာ ရရှိသွားပါတယ်။ ကိန်းဟာ ထိုဆု ပထမနေရာ ရဖို့ ရေးပန်းစားခဲ့သူ ဖြစ်ပြီး ဘီဘီစီက အတည်ပြုကြေငြာချိန်မှာတော့ စက်ဘီးသမား Geraint Thomas နဲ့ F1 စတား Lewis Hamilton တို့ နောက် တတိယ ရခဲ့တာပါ။