မနေ့တုန်းက ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့အပြီးမှာတော့ ပွဲစဉ်၈ပွဲလုံး ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်၈ပွဲကတော့ ရှော်ကေးနဲ့မန်စီးတီး၊ အက်သလက်တီကိုနဲ့ ဂျူဗင်တပ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ၊ စပါးနဲ့ဒေါ့မွန်၊ လိုင်ယွန်နဲ့ဘာစီလိုနာ၊ ရိုးမားနဲ့ပေါ်တို၊ အေဂျက်နဲ့ရီးရဲမက်ဒရစ်၊ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

ရှော်ကေး Vs မန်စီးတီး

မန်စီးတီးအတွက်တော့ ပွဲချောင်တယ်လို့ ဆိုလို့ရပါတယ်။ ရှော်ကေးအသင်းက ဒီအဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပေမယ့် မန်စီးတီးကို ကျော်ဖြတ်နိုင်ဖို့တော့ မလွယ်ပါဘူး။ မန်စီးတီးအသင်း ကွာတားဖိုင်နယ်တက်ဖို့ အားသာနေပါတယ်။
.
အက်သလက်တီကို Vs ဂျူဗင်တပ်

ဥရောပရဲ့ ခံစစ်ဘုရင်၂သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့၂သင်း ထိပ်တိုက်တွေ့မယ့် ၂ကျော့လုံးမှာ သွင်းဂိုးများများ တွေ့မြင်ရဖို့ မရှိပါဘူး။ ဒါ့ကြောင့် အဝေးဂိုးရတဲ့ အသင်းက နောက်တစ်ဆင့်တက်ဖို့ အခွင့်သာသွားဖို့ ရှိနေပါတယ်။ သေချာတာကတော့ ဘယ်အသင်းတက်တက် လွယ်လွယ်ကူကူနဲ့ နောက်တစ်ဆင့်ကို တက်နိုင်မှာ မဟုတ်ပါဘူး။
.
ယူနိုက်တက် Vs ပီအက်စ်ဂျီ

လက်ရှိခြေစွမ်းချင်း၊ ကစားသမားအင်အားချင်း အရမ်းကိုကွာပါတယ်။ ယူနိုက်တက်အသင်း အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ဂိုးမပေးရဘဲ အနိုင်ရခဲ့ရင် ကွာတားဖိုင်နယ်တက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပြီး အနိုင်မရခဲ့ရင်တော့ ၁၆သင်းအဆင့်ကနေပဲ လှည့်ပြန်ရဖို့ များနေပါတယ်။
.
စပါး Vs ဒေါ့မွန်

လက်ရှိအနေအထားအရ ၂သင်းလုံးဟာ ခြေရည်တူ အနေအထားမှာ ရှိပါတယ်။ တိုက်စစ်ဖွင့် ကစားလေ့ရှိတဲ့ အသင်းတွေ ဖြစ်တာကြောင့်လဲ အပြန်အလှန် သွင်းဂိုးတွေကို သေချာပေါက် မြင်တွေ့ရမှာပါ။ ကွာတားဖိုင်နယ် တက်ရောက်ဖို့လဲ ၂သင်းလုံးမှာ ဆတူအခွင့်အရေး ရှိနေပါတယ်။

လိုင်ယွန် Vs ဘာစီလိုနာ

မန်စီးတီးအသင်းကို ရပ်တန့်ပြခဲ့ပြီး အုပ်စုပွဲစဉ် ၆ပွဲလုံးကို ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့ လိုင်ယွန်အတွက် ဘာစီလိုနာကို ဘယ်လိုရပ်တန့်ပြဦးမလဲ ထပ်မံစောင့်ကြည့် ရမှာပါ။ ဒါပေမယ့် အတွေ့အကြုံပိုင်းမှာတော့ ဘာစိလိုနာကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ ဒုတိယအကျော့ကိုလဲ ဘာစီလိုနာကွင်းမှာ သွားရောက်ကစားရမှာဖြစ်လို့ လိုင်ယွန်အသင်း ၁၆သင်းအဆင့်ကနေပဲ လှည့်ပြန်ရဖို့ များပါတယ်။
.
ရိုးမား Vs ပေါ်တို

လက်ရှိခြေစွမ်းမှာ ပေါ်တိုအသင်းက အနည်းငယ်သာပါတယ်။ ရိုးမားအသင်းရဲ့ အဓိကထိုးနှက်ချက်က ဒဏ်ရာရ ကစားသမားတွေ များပြားနေတာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်ပွဲ ကစားမယ့် ဖေဖော်ဝါရီလောက်ရောက်ရင် ဒဏ်ရာရ ကစားသမားတွေ ပြန်လည်ပါဝင်လာဖို့တော့ ရှိနေပါတယ်။ ခြေစွမ်းပိုင်းမှာ အသာရနေတဲ့အပြင် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့ ပေါ်တိုအသင်း ကွာတားဖိုင်နယ်တက်ဖို့ အခွင့်သာနေပါတယ်။
.
အေဂျက် Vs ရီးရဲမက်ဒရစ်

အေဂျက်အသင်းရဲ့ ဒီရာသီ စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်နေလို့ လက်ရှိချန်ပီယံ ရီးရဲအတွက်တော့ စိုးရိမ်စရာပါပဲ။ ရီးရဲအသင်း အဝေးကွင်းမှာ ရလဒ်မကောင်းခဲ့ရင် အိမ်ကွင်းမှာ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာဆို ကံကောင်းတတ်တဲ့ ရီးရဲမက်ဒရစ်အသင်း ကွာတားဖိုင်နယ်ကိုတော့ တက်ရောက်နိုင်မယ် ထင်ပါတယ်။
.
လီဗာပူး Vs ဘိုင်ယန်မြူးနစ်

ဒီပွဲစဉ်ကတော့ ၁၆သင်းအဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ သတ်မှတ်လို့ရပါတယ်။ ၂သင်းလုံးဟာ အကောင်းဆုံး ပုံစံတွေမှာ ရှိနေတဲ့အပြင် အစဉ်အလာအရလဲ ခမ်းနားခဲ့တဲ့ အသင်းတွေပါ။ လီဗာပူးအသင်းအတွက်တော့ သူတို့အသင်းရဲ့ အားသာချက်ဖြစ်တဲ့ အိမ်ကွင်းအားကို အသုံးချပြီး ပထမအကျော့မှာ ဘိုင်ယန်ကို အနိုင်ယူထားနိုင်မှ ကွာတားတက်ဖို့ အခွင့်သာမှာပါ။ ဒုတိယအကျော့ ဘိုင်ယန်ကွင်းမှာ သွားကစားရမယ့်အပြင် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် အဝေးကွင်း ခြေစွမ်းက အားရစရာ မရှိတာကြောင့် အိမ်ကွင်းမှာ ဘိုင်ယန်ကို အနိုင်မရခဲ့ရင် ကွာတားတက်ဖို့ ရုန်းကန်ရမှာ သေချာပါတယ်။