မော်ရင်ဟို နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ဆိုတဲ့ အသံတွေ လစ်ဗာပူးလ်နဲ့ပွဲအပြီးမှာ ပိုမို ကျယ်လောင်လာခဲ့ပါတယ်။ မန်ယူ အနေနဲ့ကတော့ မော်ရင်ဟိုကို လက်ရှိရာသီဝက်မှာ ထုတ်မလား၊ ရာသီကုန်မှ ထုတ်မလား မသေချာသေးတဲ့ပုံပါပဲ။ ဒါပေမယ့် မော်ရင်ဟိုကိုသာ စာချုပ်သက်တမ်းမကုန်ခင် ထုတ်ပယ်မယ်ဆိုရင် မန်ယူအသင်းအနေနဲ့ ပေါင် ၂၄သန်း တိတိ မော်ရင်ဟိုကို လျော်ကြေးပေးရလိမ့်မယ်လို့ Mirror သတင်း ဌာနက ဖော်ပြသွားခဲ့ပါတယ်။ မန်ယူပရိသတ်တွေဟာ မော်ရင်ဟိုရဲ့ ခံစစ်အသားပေးနည်းဗျူဟာကို တော်တော်လေး စိတ်ကုန်နေကြပြီ ဖြစ်ပြီး လစ်ဗာပူးလ်နဲ့ပွဲအပြီးမှာတော့ မော်ရင်ဟိုကို ထုတ်ပယ်ဖို့ လူမှုကွန်ရက်ပေါ်ကနေ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ဇယားထိပ်ဆုံးက လစ်ဗာပူးလ်အသင်းနဲ့ ၁၉ မှတ်ကွာနေပြီး အဆင့် ၄နေရာက ၁၁ မှတ်ကွာနေပါတယ်။ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုတောင် တော်ေ်တ်ာလေး ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ အဆင့် ၁၃ နေရာက ဘရိုက်တန် အသင်းနဲ့ ၅မှတ်ပဲ ကွာနေလို့ ရလဒ်မကောင်းရင် အချိန်မရွေး ဇယားအောက်ပိုင်းကိုလည်း ရောက်သွားဖို့ ရှိနေပါတယ်။ မန်ယူဘုတ်အဖွဲ့က ချက်ချင်း မော်ရင်ဟိုကို ထုတ်ဖို့ အစီအစဉ်ရှိပုံ မပေါ်ပေမယ့် ရလဒ်ထက်ဆိုးလာရင်တော့ ထုတ်ပယ်ရဖွယ်ရှိနေပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီအသင်းနဲ့တွေ့ဆုံနေလို့ နောက်တစ်ဆင့်တက်ဖို့ မလွယ်တော့တာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စုအားလုံးမှာ ဂိုးသွင်းအများဆုံးအသင်း ဖြစ်ပြီး ၁၇ ဂိုးအထိသွင်းထားတဲ့အသင်းဖြစ်ပါတယ်။ မန်ယူ အသင်းကတော့ ဒီနှစ်ခံစစ်ပိုင်း တော်တော်လေး ဆိုးရွား နေပါတယ်။ မန်ယူအသင်းဟာ ဖေဖော်ဝါရီလ ၂ရက်နေ့နဲ့ မတ်လ ၆ရက်နေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်ယူဘုတ်အဖွဲ့ဟာ ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်တုန်း ထိပ်ဆုံး လေးသင်း မဝင်နိုင်တော့တာ သေချာတဲ့အချိန်မှ ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး ဗန်ဟားတုန်းကလည်း အလားတူပဲ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူဘုတ်အဖွဲ့အနေနဲ့ မော်ရင်ဟိုကို ဆက်လက်စောင့်ကြည့်ပြီး ထိပ်ဆုံး (၄) သင်းမဝင်တာ သေချာတော့မှ ထုတ်ပယ်ဖွယ်ရှိနေပါတယ်။