မန်စီးတီးဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ လက်စတာကို ပွဲချိန်တွင်း ၁ဂိုးစီ သရေကျခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်နဲ့ နောက်တစ်ဆင့်ဆီ တက်ရောက်သွားခဲ့ပါပြီ။

ဘာစီလိုနာဟာ အေးဂျက်ကွင်းလယ်လူ ဒီဂျောင်းကို ခေါ်ယူဖို့ရာ နောက်ဆုတ်ခဲ့တယ်လို့ ယူဆရပါတယ်။ ယူရို ၇၅ သန်း ဈေးပေါက်တဲ့ ကွင်းလယ်လူကို ပြောင်းရွှေ့ကြေးကြောင့် (သို့) လုပ်ခလစာ တောင်းဆိုမှု မြင့်မားခြင်းကြောင့် နောက်ဆုတ်လိုက်တာလို့ သိရပြီး သူ့ကို ခေါ်ယူဖို့ ဒုတိယ ရေပန်းအစားဆုံးအသင်းက မန်စီးတီးဖြစ်ပါတယ်။

မန်စီးတီးဟာ ယူနိုက်တက်၊ တော်တင်ဟမ်နည်းတူ လိုင်ယန်ကွင်းလယ်လူ အန်ဒွမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အင်္ဂလန်ကလပ်တွေက ပြင်သစ်ကွင်းလယ်လူရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ ကိုယ်စီလွတ်ထားတယ်လို့ သိရပါတယ်။

မန်စီးတီးကစားသမား ဝေါ်ကာက ယူနိုက်တက်မှ မော်ရင်ညိုကို ထုတ်ပယ်ပြီး တွစ်တာမှာ သို့လောသို့လော ဖြစ်စရာပုံနဲ့ စာတင်ပြီးမှ ပြန်ဖျက်သွားတဲ့ ပေါ့ဘာရဲ့ သတင်းအောက်မှာ ပြက်ရယ်ပြုတဲ့ စာသားမျိုး comment ပေးသွားပါတယ်။ ဒီခေတ်မှာ တင်ပြီးတဲ့ပို့စ် ပြန်ဖျက်ကြသေးလားလို့ ပြောခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုကို ထုတ်ပယ်အပြီးမှာ ယူနိုက်တက် အလုပ်အမှုဆောင်ချုပ် ၀ုဒ်ဝပ်က အသင်းသားတွေကို သတိပေးစကား ဆိုလိုက်ပါတယ်။ အသင်းရဲ့ လက်ရှိအခြေအနေ ဆိုးဝါးနေတာက မန်နေဂျာ တစ်ယောက်တည်းမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ကျန်တဲ့ ဘောလုံးရာသီအတွက် ကစားသမားတွေ အနေနဲ့ မားမားမတ် ရပ်တည်ဖို့ လိုနေပြီလို့ ၄င်းက ပြောခဲ့ပါတယ်။

မန်နေဂျာကို ထုတ်ပယ်အပြီး ဒီနေ့ လေ့ကျင့်ရေးလာကြတဲ့ အသင်းသားတွေမှာ ပြုံးရွှင်နေကြတဲ့သူတွေ တွေ့ရပါတယ်။ အထူးသဖြင့် ထရိန်နင် ကွင်းအ၀င် ကင်မရာသမားတွေကို အတွေ့မှာ လုခ်ရှောက တောက်ပစွာပြုံးပြီး လက်မထောင်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကစားသမားဟောင်းကြီး ဆိုးရှားကို ရာသီကုန်ထိ အသင်းကို ယာယီနည်းပြ အဖြစ် တာဝန်ယူပေးဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့အတူ ဆယ်ရာသီ ရှိခဲ့တဲ့ နော်ဝေသားကြီးဟာ အသင်းအတွက် ၁၂၈ ဂိုး သွင်းယူပေးသွားသူပါ။

စပါးအသင်းက စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီ ကစားသမား ရာဘီရော့ဟာ ရာသီကုန်ရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရနိုင်ဖို့ ရှိပေမယ့် ကစားသမားဘက်ကတော့ မြောက်လန်ဒန်ကလပ်အသင်းနဲ့ အပြောင်းအရွှေ့ မဖြစ်နိုင်ဘူးလို့ တွေးထားပါတယ်။ ပြင်သစ်သတင်း Le10Sport ရဲ့ အဆိုအရ ရာဘီရော့က တစ်ပတ် လုပ်ခ ပေါင် ၁သိန်း ၇သောင်းကျော် အလိုရှိနေပြီး စပါးဘက်က ထိုပမာဏ မပေးဖို့ ရှိနေတာပါ။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းကို ငှက်ပျော်ခွံနဲ့ပစ်ပေါက် ရမ်းကားခဲ့တဲ့ စပါးပရိသတ်ကို ဘောလုံးပွဲများမှ ၄ နှစ် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေ ပေါင် 500 တပ်လိုက်ကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်က ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ခံစစ်မှူး ဗာတွန်ဂန်ရဲ့ စာချုပ်ကို ၂၀၂၀ ထိ သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း အသင်းဘက်က အတည်ပြုကြေငြာ သွားပါတယ်။ အဆိုပါ စာချုပ်ကုန်ဆုံးချိန်မှာ ဗာတွန်ဂန်က အသက် ၃၄ နှစ်ရှိမှာ ဖြစ်ပြီး စပါးအသင်းနဲ့အတူပဲ ဘောလုံးသမားဘ၀ ကုန်ဆုံးသွားဖွယ် ရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူး လူငယ်တိုက်စစ်မှူး ဆိုလန်ကီကို ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထား လာပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးအသင်းကြီးမှာ ဒီရာသီ ဆိုလန်ကီ ပါဝင်ခွင့် မရသေးပေမယ့် စတီဗင်ဂျရတ်ရဲ့ ရိမ်းဂျားစ် အသင်းကလည်း လူငယ်တိုက်စစ်မှူးလေးကို ခေါ်ယူလိုနေပါတယ်။

လီဗာပူး လူငယ်ခံစစ်သမား ထရန့် အလက်ဇန္ဒါးအာနိုးရဲ့ ခြေထောက်ဒဏ်ရာက အံ့အားသင့်ဖွယ် လျင်လျင်မြန်မြန် သက်သာလာနေတယ်လို့ ကလော့ပ်က ၀မ်းမြောက်စွာ အသိပေးပြောကြားသွားပါတယ်။ လာမယ့် သီတင်းပတ်ကုန် ၀ုဗ်နဲ့ပွဲမှာ ထရန့် မပါဝင်နိုင်သေးပေမယ့် အဲဒီပွဲနောက်ပိုင်း ပြန်လည် ထည့်သွင်း ကစားနိုင်ဖွယ်ရှိပြီလို့ ကလော့ပ်က ဆိုပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်နေရပေမယ့် မန်စီးတီးအသင်းကို တကယ်တမ်း ရပ်တန့်နိုင်တာက လီဗာပူးအသင်း မဟုတ်ဘဲ စီးတီးအသင်း ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ကလော့ပ်က ပြောကြားလိုက်ပါတယ်။ လီဗာပူးအနေနဲ့ ကိုယ့်အသင်းပွဲ ကိုယ်ကစားပြီး ရနိုင်သမျှ အမှတ်များများယူသွားနိုင်တာပဲ ရှိတယ်လို့ ၄င်းက ဆိုပါတယ်။

ဈေးကွက်ထဲမှာ တိုက်စစ်မှူး ရှာဖွေနေတဲ့ ချယ်ဆီးအသင်းဟာ ဘုန်းမောက်အသင်း တိုက်စစ်မှူး Callum Wilson ကို ခေါ်ယူလိုတာ အမှန်တကယ် ဖြစ်ကြောင်း ဇိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။ ချယ်ဆီးဟာ ဘုန်းမောက်အသင်းနဲ့ ကာရာဘောင်း ကွာတားဖိုင်နယ်မှာ ရင်ဆိုင်တွေ့ပြီ ဖြစ်ပါတယ်။

စပိန်က သတင်းများအရ ဘာစီလိုနာအသင်းဟာ ခံစစ်မှာ လူအင်အားနည်းနေတာကြောင့် ချယ်ဆီးအသင်းမှာ ဆာရီ မျက်နှာသာပေးခြင်း မခံရတဲ့ လူငယ်ခံစစ်မှူး ခရစ္စတီယန်ဆန်ကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ ချယ်ဆီးအသင်းဟာ ခရစ္စတီယန်ဆန်ကို လက်လွတ်ရမယ်ဆိုရင် ခြံပေါက် ကစားသမားလိုအပ်ချက်ရှိလာမှာဖြစ်လို့ လွယ်လွယ်ကူကူ လက်လွတ်ဖွယ်မရှိပါဘူး။

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲ မှာ ပါဝင်နိုင်ဖို့ရာ ဟာဇက်ရဲ့ ခြေဖ၀ါးဒဏ်ရာ ရှိနေတဲ့အတွက် ကြံ့ခိုင်မှု စစ်ဆေးရဦးမှာ ဖြစ်ပြီး ဒူးဒဏ်ရာ ရှိနေတဲ့ မိုရာတာကိုလည်း ပါဝင်ကစားစေနိုင်မှာ မဟုတ်ကြောင်း ချယ်ဆီးလက်ထောက် နည်းပြ ဇိုလာက ပြောကြားခဲ့ပါတယ်။

စပါးနဲ့ ထပ်မံတွေ့ဆုံနေတဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် လန်ဒန်ဒါဘီပွဲမှာ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့ အမ်မရီက ကြံရွယ်နေပါတယ်။ ပြိုင်ဘက်ကောင်းနဲ့ တွေ့ဆုံမှာ ဖြစ်လို့ အကောင်းဆုံး ကစားသမားတွေ အသုံးပြုဖို့ ရည်ရွယ်ပေမယ့် အာဆင်နယ်အသင်း နိုင်ပွဲရအောင် ကူညီပေးနိုင်မယ့် ခြေစွမ်းကောင်း လူငယ်ကစားသမား တချို့ကိုလည်း သုံးသွားမယ်လို့ အမ်မရီက ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် သတင်းကောင်းများအဖြစ် ထရိန်နင်မှာ လစ်ခ်ျစတိုင်နာ ပြန်လည် ပါဝင်နိုင်ခဲ့တဲ့အပြင် ဘယ်လာရင်၊ ကိုလာစီနက်နဲ့ မူစတာဖီတို့ အခြေအနေကိုလည်း စပါးနဲ့ပွဲမတိုင်ခင်မှာ ကစားနိုင်ခြေ ရှိမရှိ စစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။

စပါးကို ၄-၂ နဲ့ နိုင်တဲ့ပွဲအပြီး အ၀တ်လဲခန်းထဲမှာ အာဆင်နယ်အသင်းသားများ အကြီးအကျယ် အောင်ပွဲခံခဲ့ပြီး selfie ပုံများ ပျံနှံ့ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီက လာမယ့် ကာရာဘောင်း ကွာတားဖိုင်နယ်မှာ ပြိုင်ဘက်အသင်းကို လေးစားမှုထားပြီး ယှဉ်ပြိုင်ဖို့ အသင်းသားတွေကို တိုက်တွန်းသွားပါတယ်။