မော်ရင်ဟိုကတာ့ မန်ချက်စတာ ယူနိုက်က်တက်နည်းပြ ရာထူးကို စွန့်လွှတ်သွားခဲ့ပါပြီ။ ဒါပေမယ့် အသင်းမှာတော့ သူက အမှတ်ရစရာတွေ အများကြီး ချန်ထားခဲ့ပြီး အငြင်းပွားဖွယ်ရာ၊ ချီးကျူးဖွယ်ရာ နဲ့ ဒွိဟဖြစ်စရာတွေကို ချန်ရစ်ခဲ့တာပါ။ နှစ်နှစ်ခွဲတာကာလအတွင်းမှာ မော်ရင်ဟိုက အသင်းကို ဆုဖလား (၂)လုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အတွက်တော့ မော်ရင်ဟိုဟာ သင့်တော်တဲ့ နည်းပြမဟုတ်တော့ဘူးလို့ သတ်မှတ်ချိန်မှာတော့ အိုးထရက်ဖို့ဒ် နဲ့ မော်ရင်ဟိုတို့ရဲ့ ဇာတ်လမ်းက ပြီးပြတ်သွားခဲ့ပြီ။ ဒီဇာတ်လမ်းမှာ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲဆိုတာကို ယတိပြတ်ပြောလို့မရပါဘူး။

ဘာလို့လဲဆိုတော့ နှစ်ဖက်စလုံးမှာ ကိုယ်စီကိုယ်စီ အမှားအယွင်းတွေ ရှိနေခဲ့လို့ပါ။ ဒီအတွက် အသင်းရဲ့ လုပ်ရပ်က မှန်တယ်၊ အသင်း လုပ်ရပ်က မှားတယ်လို့ အပ်ချမတ်ချ ပြောလို့မရပဲ ကိုယ်စီကိုယ်စီ အားသန်ရာ စိတ်ကူးအတွေးနဲ့သာ ဘယ်သူမှန်လဲ၊မှားလဲလို့ ဆုံးဖြတ်နေကြရတာပါ။ ဒီတော့ ဒါတွေကို မတွေးတောပဲ မော်ရင်ဟို ယူနိုက်တက်နည်းပြဘ၀မှာ ၀ယ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ဘယ်အပြောင်းအရွှေ့တွေက အောင်မြင်ပြီး၊ ဘယ်အပြောင်းအရွှေ့တွေက ကျရှုံးခဲ့လဲဆိုတာကိုပဲ ကြည့်ကြည့်ရအောင်။

မော်ရင်ဟိုလက်ထက်မှာ ကစားသမားဝယ်ယူမှုအဖြစ် ဘိုင်ယီ၊ ပေါ့ဂ်ဘာ၊ လူကာကူ၊ ဇလာတန်၊ ဒါလော့၊ လီဂရန်၊ လင်ဒီလော့ဖ်၊ ဆန်းချက်ဇ်၊ ဖရက်ဒ်၊ မီခီတာရန်၊ မာတစ် အစရှိတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေထဲကမှ ဒါလော့ နဲ့ လီဂရန့်ကို ဖယ်ရှား ထားချင်ပါတယ်။

အရင်ဦးဆုံး ဇလာတန်ကို စဉ်းစားကြည့်မယ်ဆိုရင် သူ့ရဲ့ခေါ်ယူမှုက မှန်ကန်ခဲ့ပါတယ်။ ဇလာတန်က အသင်းမှာ ၂၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ ခြေစွမ်းကို ပြသပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် မော်ရင်ဟိုရဲ့ ခေါ်ယူမှုက အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဘိုင်ယီကို ဗီလာရီးရဲလ်ကနေ မော်ရင်ဟို ခေါ်ယူခဲ့တာပါ။ အသင်းအတွက် အားထားရတဲ့ ကစားသမားဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ရပေမယ့်လည်း ဘိုင်ယီဟာ ပထမဆုံးတစ်နှစ်လောက်သာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒဏ်ရာတွေနဲ့ လုံးပမ်းခဲ့ရကာ ဒီနှစ်မှာဆိုရင် အသင်းအတွက် ပုံမှန်ကစားခွင့်တောင် မရရှိခဲ့တော့ပါဘူး။ သူ့ရဲ့ ခြေစွမ်းကလည်း သိသိသာသာ ကျဆင်းသွားခဲ့လို့ မော်ရင်ဟိုအတွက် မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လင်ဒီလော့ဖ်လည်း ထိုနည်းလည်းကောင်းပါပဲ။ တစ်ပွဲကောင်းခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်းတွေကိုတော့ အခုထက်ထိမပြသနိုင်ခဲ့ပါဘူး။

နောက်တစ်ဦးက မီခီတာရန်ပါ။ ဒီကစားသမားက အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့သူပါ။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး အဓိကကစားသမားနေရာကနေ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဖန်တီးနိုင်မှုစွမ်းရည် မြင့်မားတဲ့ ကစားသမားဟာ ဆန်းချက်ဇ်ကို မော်ရင်ဟိုက အလိုရှိချိန်မှာတော့ အလဲအထပ်သဘောမျိုးနဲ့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားခဲ့ရပါတယ်။ သူ့ရဲ့ နောက်ဆုံးရာသီမှာလည်း ခြေစွမ်းငုပ်လျှိုးနေခဲ့ရပြီး သူလည်းပဲ မော်ရင်ဟိုအတွက် တွက်ကိန်းမှားတဲ့ ကစားသမားအဖြစ် ရှိခဲ့ပါတယ်။

ပေါ့ဂ်ဘာကတော့ မော်ရင်ဟို ခေါ်ခဲ့တဲ့ ကစားသမားတွေထဲမှာ ဈေးအကြီးဆုံးပါပဲ။ ဒါပေမယ့် မော်ရင်ဟို အမျှော်လင့်ဆုံးဖြစ်ခဲ့ပြီး မော်ရင်ဟိုနဲ့ ဆက်ဆံရေးအဆိုးဝါးဆုံးတွေလည်း ဖြစ်ခဲ့ပါတယ်။ သူနဲ့ မော်ရင်ဟိုတို့ကြားမှာ နည်းစနစ်ပိုင်းအရ ပြသနာတွေ ရှိခဲ့ပုံရပြီး ပေါ့ဂ်ဘာလည်း ခြေစွမ်းပြနိုင်ဖို့အတွက် ဒီရာသီမှာ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းပွဲတွေမှာ နေရာတောင်ပျောက်ခဲ့ရပါတယ်။ ဒိအပြောင်းအရွှေ့ကိုလည်း ကျဆုံးတယ်လို့ပဲ သတ်မှတ်ရမှာပါ။

ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းမာတစ်ကို မော်ရင်ဟိုက အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ခေါ်ယူခဲ့ပါတယ်။ ပထမခြောက်လအတွင်းမှာ မာတစ်က အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ မာတစ်ရဲ့ ကစားပုံက သိသိသာသာအားနည်းသွားခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ မော်ရင်ဟိုက ပွဲတိုင်းနီးပါး အသုံးပြုခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာပါ။ ဒီခေါ်ယူမှုမှာတော့ မဆိုးဘူးဆိုတဲ့ အနေအထားမျိုး သတ်မှတ်လို့ရပါတယ်။

လူကာကူအတွက် မော်ရင်ဟို ပေးချေခဲ့ရတာက ပေါင်၇၅သန်းပါ။ ပထမဆုံးရာသီမှာ အသင်းအတွက် (၂၇)ဂိုးအထိ လူကာကူက ရရှိခဲ့ပါတယ်။ ဒီရာသီမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဂိုးပေါက်ပျောက်ဆုံးမှု အခိုက်အတန့် ရှိမှာဖြစ်ပေမယ့် လူကာကူကတော့ ဘောလုံးအထိန်းအသိမ်းပိုင်းမှာပါ တော်တော်လေးဆိုးဝါးနေခဲ့တာပါ။ ပထမတစ်နှစ်မှာ လူကာကူ ခြေစွမ်းပြနိုင်ပေမယ့် နောက်ရာသီမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ပေးချေရတဲ့ တန်ဖိုးနဲ့ တွက်ချက်မယ်ဆိုရင်တော့ လူကာကူကို ခေါ်ယူခဲ့မှုကလည်း မော်ရင်ဟိုအတွက် မှားယွင်းတယ်လို့ ဆိုရမှာပါ။

ဒီနှစ်ရာသီအစမှာ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်ကို မန်စီးတီးနဲ့အပြိုင် ယူနိုက်တက်က ရအောင် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖရက်ဒ်က ပရီးမီးယားလိဂ်ပွဲ (၈)ပွဲသာ ကစားခွင့်ရခဲ့ပြီး အသင်းမှာ ပုံမှန်နေရာရဖို့တောင်မှ ရုန်းကန်ခဲ့ရပါတယ်။ သူ့အတွက် ပေးချေခဲ့ရတာက
ပေါင်သန်း ၅၀ပါ။ ဖရက်ဒ်က အရံခုံမှာပဲ အချိန်ကုန်နေခဲ့ရပြီး အဓိပ္ပာယ်မဲ့ ခေါ်ယူမှုဖြစ်နေခဲ့ပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ကတော့ အားလုံးသိပြီးသားအတိုင်းပါပဲ။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တယ်ဆိုပေမယ့် တစ်ပတ်ကို ပေါင်ငါးသိန်း နီးပါးပေးချေနေရတဲ့ ကစားသမားပါ။ ဒီအတွက် ယူနိုက်တက်အတွက်တော့ ဆိုးဝါးတဲ့ ခေါ်ယူမှုဖြစ်ခဲ့ပြီး ဆန်းချက်ဇ်ဟာ ဒီအချိန်ထိ
ယူနိုက်တက်အတွက် (၄)ဂိုးသာ သွင်းယူပေးထားနိုင်ပါသေးတယ်။ ဒီခေါ်ယူမှုမှာလည်း မော်ရင်ဟို အရေးနိမ့်ခဲ့တာပါလို့ Fox Sports မှာ သုံးသပ်ဖော်ပြထားပါတယ်။