လာမယ့် ဘောလုံးရာသီမှာ မန်ယူအသင်း ထိပ်သီး လေးသင်းထဲ ပြန်ဝင်ကာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ နည်းပြ ဆိုးရှားက ပစ်မှတ်ထားနေပြီး ထိုအတွက် မန်ယူ ကစားသမားတွေအနေနဲ့ ခြေစွမ်းကောင်းကို တည်ငြိမ်စွာထိန်းနိုင်ဖို့ လိုအပ်တယ်လို့ ၄င်းက ယုံကြည်ထားပါတယ်။ ခြေစွမ်း တည်ငြိမ်ဖို့ လိုအပ်တဲ့ ကစားသမားတွေထဲ လင်ဂတ်လည်း ပါဝင်တယ်လို့ ဆိုးရှားက သတိပေးစကား ဆိုလိုက်ပါတယ်။

လင်ဂတ်ဟာ တစ်ချိန်တုန်းကတော့ အငှားအနေနဲ့လည်း လက်စတာ ၊ ဘရိုက်တန်၊ ဘာမင်ဂမ်နဲ့ ဒါဘီတို့မှာလည်း သွားရောက် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေရဲ့ ချစ်ခင်ခြင်း ခံရတဲ့ လင်ဂတ်ဟာ ပွဲကြီးပွဲကောင်းတွေဆို ဂိုးသွင်းတတ်သူပါ။

“လင်ဂတ်က သူဟာ အရည်အချင်းရှိတဲ့ ကစားသမားဆိုတာ သက်သေပြပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ဆီကနေ ပို လိုချင်ပါသေးတယ်။ သူဟာ မနှစ်ကရာသီတုန်းက ပုံစံကောင်းကို မပြသနိုင်ခဲ့ပါဘူး။ ဒါကိုလည်း သူ သိရမှာပါ။ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေကတော့ ကျွန်တော်တို့ကြားမှာပဲ ရှိပါတယ်။ ”

” ဒါပေမယ့် ကျွန်တော်က သူ့ဆီကနေ အများကြီးမျှော်လင့်ထားပြီး သူကလည်း ကျွန်တော် လိုချင်တာကို သိပါတယ်” လို့ ဆိုလ်းရှားက ပြောကြားခဲ့ပါတယ်။

လင်ဂတ်ရဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေဘူးလို့ ဆိုးရှားက ယူဆနေတာပါ။ လင်ဂတ်ဟာ မနှစ်ကရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၅ ဂိုးသာ သွင်းပေးနိုင်ခဲ့တာပါ။

ထိုပမာဏဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၁၇ – ၂၀၁၈ ရာသီရဲ့ စွမ်းဆောင်ရည်ထပ် နိမ့်ကျသွားခဲ့တာပဲဖြစ်ပြီး ထိုစဉ်ကတော့ ၁၃ ဂိုးအထိ သွင်း ပေးနိုင်ခဲ့သလို အသင်းရဲ့ပွဲထွက်လူစာရင်းမှာလည်း ပုံမှန်ပါဝင်ခဲ့ပါတယ်။ ထိုသို့ ခြေစွမ်းကောင်းတွေ တည်ငြိမ်စွာ ပြန်ရဖို့ လိုတယ်လို့ လင်ဂတ်ကို ဆိုးလ်ရှားက သတိပေးခဲ့ပါတယ်။

၂၀၁၄ ခုနှစ် သြဂတ်စ်လမှာ မန်ယူအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ လင်ဂတ်ဟာ အခုချိန်ထိ မန်ယူအသင်းအတွက် ၁၆၇ ပွဲမှာ ၂၉ ဂိုးသွင်းယူပေးထားပါတယ်။ လင်ဂတ်မှာ ခြေစွမ်းကောင်း အရည်အချင်းကောင်းတွေ ရှိပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်း မပြသနိုင်တာကြောင့် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းသေးတာ ဖြစ်ပါတယ်။