မန်ယူအသင်းဟာ ပေါ့ဘာထွက်ခွာရင် အစားထိုးဖို့ ပစ်မှတ်ထားနေတဲ့ လာဇီယို ကွင်းလယ် ကစားသမား မီလင်ကိုဗစ် ဆာဗစ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း၊ အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း အီတလီသတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။

မန်ယူက ဆားဘီးယားလက်ရွေးစင် ဆာဗစ်ကို ယခင်နှစ်တွေတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေကလည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့တာကြောင့်သာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက စိန်ခေါ်မှုအသစ်များ ရှာဖွေလိုတယ် ဖွင့်ဟပြောကြားခဲ့ပြီးနောက် ဒီနွေမှာ အသင်းပြောင်းဖို့ အလှုပ်ခတ်ဆုံး ဖြစ်လာခဲ့ကာ ပေါ့ဘာကို အသင်းဟောင်း ဂျူဗင်တပ် အပြင် ရီးရဲလ်ကလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အခုလို ဆာဗစ်သာ ရောက်ရှိလာပါက ပေါ့ဘာ အပြောင်းအရွှေ့လည်း အကြောင်းထူး လာဖွယ် ရှိပါတယ်။

၂၀၁၅ ခုနှစ်က ဂျန့်ခ်အသင်းကနေ လာဇီယိုကို ရောက်ရှိလာခဲ့တဲ့ မီလင်ကိုဗစ် ဆာဗစ်ကို မန်ယူက ၅နှစ် စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပြီး အသက် ၂၄နှစ်အရွယ်ရှိ မီလင်ကိုဗစ်ဆာဗစ်က ပေါ့ဘာရဲ့နေရာမှာ အစားဝင်နိုင်လိမ့်မယ်လို့လည်း အီတလီ ဘောလုံးသတင်းတွေမှာ ရေးသားဖော်ပြနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်နဲ့ ညာနောက်ခံလူ ၀မ်ဘစ်ဆာကာတို့ကို ခေါ်ယူ ထားပြီးဖြစ်ကာ လက်စတာနောက်ခံလူ မက်ဂွဲယားကို ခေါ်ယူဖို့လည်း နီးစပ်နေပါတယ်။

မန်ယူအသင်းက လက်ရှိအချိန်မှာ ဗဟိုကွင်းလယ်ပိုင်းနဲ့ပတ်သက်လို့ အင်အားနည်းပါးနေပြီး ဖယ်လိုင်နီနဲ့ ဟာရဲရားတို့ အသင်းကနေ ထွက်ခွာ ခဲ့ပြီးနောက် အင်အားဖြည့်တင်းရန် လိုအပ်နေပါတယ်။

ဆာဗစ် အပြင် မန်ယူ ချိတ်ဆက်နေတဲ့ အခြား ကွင်းလယ်ကစားသမားတွေထဲမှာ နယူးကာဆယ် အသင်းက ပေါင်သန်း ၅၀ သတ်မှတ်ထားတဲ့ အင်္ဂလန်သား ကွင်းလယ် လောင်းစတပ်ဖ်နဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပါဝင်နေပါတယ်။