ဆရာဂျွန်လွင်ရဲ့ တပည့်ဖြစ်ခဲ့တဲ့ေ အောင်ရဲလင်းကတော့ ဖက်ရှင်ရှိုးတွေကနေတဆင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီး ထိပ်တန်း မင်းသား တစ်လက်ဖြစ်အောင် နေရာယူလာနိုင်တဲ့ အနုပညာရှင်တစ်ဦးပါ။

အင်တာဗျူးတစ်ခုမှာ ဖြေသွားတဲ့ ကျတော့်လက်နဲ့ထိရင် ရွှေဖြစ်သွားတယ် ဆိုတဲ့ ဂျွန်လွင်ရဲ့ စကားအပေါ်ကို ပရိသတ်တွေက ဝေဖန် မှတ်ချက်ပေးနေခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီစကားမှန်ကန်ကြောင်းကို အောင်ရဲလင်းက သူ့ရဲ့ အနုပညာလောကထဲကို စတင် ဝင်ရောက်လာခဲ့ပုံနဲ့ ဥပမာပေးပြီး ထောက်ခံသွားခဲ့တာဖြစ်ပါတယ်။

“ဂျွန်လွင်လက်နဲ့ထိရင်ရွှေဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာလေးပေးရမယ်ဆိုရင် ကျတော်နဲ့စပြီးသိတဲ့အချိန်မှာ ကျတော့်ကိုအရင်ဘာလုပ်လဲဆိုတော့ ကျတော်က အဲ့တုန်းက ပိန်ပိန်လေး လွန်ခဲ့တဲ့ (၁၅) နှစ်ပေါ့နော် ကျတော့်အသက် (၁၅) (၁၆) လောက် အချိန်မှာကျတော်နဲ့တွေ့ခဲ့တာ ကျတော် အေဂျင်စီကို ရောက်ရောက်ချင်းသိပ်မကြာပါဘူး တစ်ပတ်လောက်နေတော့ ကျတော့်ကို Gym ကစားဖို့ လိုက်အပ်ပေးပါတယ်။”

“အဲဒီခေတ်က ၁၅နှစ် ၁၆ နှစ်က Gym အဲလောက်ထိ ခေတ်မစားဘူးလေ ဆော့ရမယ်လို့လည်း ဘယ်သူမှ သေချာမသိကြဘူး ဆော့တဲ့ လူက လည်း အင်မတန်ရှားတယ် ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ ဆော့တဲ့အချိန် ဆိုတော့ အဲ့ချိန်ကစပြီး Train ပေးတာပေါ့ သူက ဒီလိုဆော့ရမယ်ဆိုတဲ့အမြင်ရှိတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တည်းကပေါ့။ ခုနက ညီမေးတဲ့ ကိုဂျွန်လက်နဲ့ ထိရင်ရွှေဆိုတာ အဓိကသူ့ရဲ့ Training အောက်မှာ အများကြီး ဖြတ်သန်းလာခဲ့တဲ့အတွက်ကြောင့် သူက Training အရမ်းကောင်းပါတယ်။ သေသေချာချာလည်း သိအောင် မြင်အောင် အမြဲတမ်း ဖက်ရှင်ရှိုးတွေမှ မဟုတ်ပါဘူး အခြား ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုဂျွန်ပွဲဆို မအောင်မြင်တဲ့ပွဲမရှိဘူး။”

အောင်ရဲလင်းဟာ အောင်မြင်တဲ့ အနုပညာရှင်သမားတစ်ယောက်ဖြစ်နေပေမယ့် ယနေ့အချိန်ထိ ဆရာဖြစ်သူရဲ့ ဆုံးမမှုတွေကို ခံယူနေဆဲပဲလို့ ဆိုပါတယ်။ ဆရာဖြစ်သူ ဂျွန်လွင်ကိုတော့ အောင်ရဲလင်းက ယနေ့တိုင် ချစ်ကြောက်ရိုသေနေဆဲဖြစ်ပါတယ်။

“ကြောက်တာပေါ့ အဓိကက ကျတော့်ဆရာကိုး ကျတော်တို့လည်း ငယ်ငယ်တုန်းက ခုချိန်ထိပါ အဆဲခံနေရတုန်းပါပဲ။ တခါတလေကျရင်တောင် မက်ဆင်ဂျာကနေပြီးတော့ သူအချိုးမပြေတာလေးတွေတွေ့ရင် လှမ်းလှမ်းပြောတာတွေ ရှိနေပါတယ်။ ကျတော့်ကိုဒီနေ့ဒီချိန်ထိလည်း ဆုံးမတုန်းပါပဲ ကြောက်လားလို့မေးရင်တော့ ကျတော့်ဆရာဖြစ်တဲ့အတွက် ချစ်ကြောက်ရိုသေပါတယ်။” လို့ 8Days မီဒီယာ အင်တာဗျူးမှာ ဖြေကြားထားခဲ့တာဖြစ်ပါတယ်။

ဂျွန်လွင်ကိုတော့ ပရိသတ်တွေက အင်တာဗျူးဖြေကြားချက်တွေမှာ အပေါက်ဆိုးတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြပေမယ့် သူ့လက်နဲ့ထိလိုက်ရင် ရွှေဖြစ်သွားတယ်ဆိုတာကိုတော့ အောင်ရဲလင်းက ထောက်ခံသွားခဲ့ပါတယ်။