ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

ဝုဗ် Vs လီဗာပူး/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ မနက် ၂း၃၀ နာရီ)

လီဗာပူးအတွက် ကွင်းကောင်းဖြစ်မှာပါ။ ဝုဗ်က အသင်းကောင်းအနေနဲ့ ကြိုးစားကစားမှာပါ။ ဒါပေမယ့်လို့ သူတို့အသင်းဟာ ယာဂင်ကလော့ပ်အသင်းကို ယှဉ်ပြိုင်နိုင်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ပွဲမှာ ဝုဗ်ကောင်းခဲ့ပေမယ့် လီဗာပူးရဲ့ အရှိန်နဲ့ ခံစစ်ကျစ်လစ်မှုက သိပ်ကောင်းပြီး ပွဲကို သက်သောင့်သက်သာ အနိုင်ရပါမယ်။ ဒီရာသီ ဝုဗ်ရဲ့ခြေစွမ်းကို ကျနော် အထင်ကြီးပါတယ်။ ဒါပေမယ့် ဘုန်းမောက်နဲ့ပွဲမှာ လုပ်ပြခဲ့သလို လီဗာပူးလုပ်ပြနိုင်မယ်ဆိုရင် ဧည့်သည်အသင်းကပဲ အနိုင်ရပါမယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ၀ုဗ် 0-4 လီဗာပူး

အာဆင်နယ် Vs ဘန်လေ/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၇း၀၀ နာရီ)

အာဆင်နယ်အတွက် ပွဲကောင်းပါ။ ဘန်လေဟာ တော်တင်ဟမ်အိမ်ကွင်းကိုသွားပြီး အကောင်းဆုံး ကစားနိုင်ခဲ့ကာ သရေကျဖို့ နီးစပ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ တန်းဆင်းဇုန်က ဟက်ဒါဖီးကို ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရတယ်။ သူတို့အနေနဲ့ ဆောက်တမ်တန်ပွဲမှာ အရေးနိမ့်ခဲ့သလို တော်တင်ဟမ်ရဲ့ ခြေမှုန်းခြင်းလည်း ခံခဲ့ရတယ်။ ဒီကိစ္စကို တောက်လျှောက်ပြောလာတာပါ။ သူတို့ရဲ့ရလဒ်တွေက သူတို့ပြဿနာတွေကို ဖုံးကွယ်ထားလို့တာပါ။ အပတ်တိုင်းမှာ နောက်ကနေ လိုက်မကစားနိုင်ဘူး (သို့) ဂိုးတွေ 2 ဂိုး၊ 3 ဂိုးသွင်းပြီးမှ အနိုင်ရထားတာက အချိန်အတိုင်းအတာ တစ်ခုမှာ ရပ်တန့်ခြင်း ခံရမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 1-0 ဘန်လေ

ဘုန်းမောက် Vs ဘရိုက်တန်/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ဘုန်းမောက်ကစားပုံ ပြီးခဲ့တဲ့ အပတ်က ဆိုးဝါးခဲ့တယ် ဒါပေမယ့် ချယ်ဆီးနဲ့ ကာရာဘောင်း ပွဲမှာတော့ ကစားတာ အဆင်ပြေနေပြန်ရော. ဒီနောက်ပိုင်းမှာ သူတို့ ရုန်းကန်နေရပေမယ့် ပုံစံကောင်း ပြန်ရလာပြီလို့ ကျနော် တွေးပါရစေ။ ဘရိုက်တန်ကတော့ နည်းနည်းဟာသာပဲ။ အဝေးကွင်းတွေမှာဆိုရင် လူတိုင်းက သူတို့ ရှုံးမယ် ထင်နေကြပြီ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 2-0 ဘရိုက်တန်

ချယ်ဆီး Vs လက်စတာ/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၉း၃၀ နာရီ)

မန်စီးတီးကို ရင်ဆိုင်ရတဲ့ ကာရာဘောင်းကွာတားဖိုင်နယ်မှာ လက်စတာနည်းပြ ဘာလုပ်ခဲ့သလဲ? လိဂ်ဖလား ကွာတားဖိုင်နယ်ပါ။ သူတို့က တန်းဆင်းဇုံမှာ ရုန်းကန်နေရတဲ့ အသင်းလည်း မဟုတ်ဘူး။ ဘာလို့များ ကစားသမားတွေကို အနားပေးရတာလဲ? အကယ်လို့ ကျနော်ဟာ လက်စတာဖန်းဆိုရင် ဒီကိစ္စကို လက်မခံနိုင်စရာပဲ။

လက်စတာက အမှတ်ပေးဇယားမှာ သက်သောင့်သက်သာရှိနေတာပါ။ အကယ်လို့ မန်စီးတီးကို အနိုင်ရခဲ့မယ်ဆိုရင် ဖလားကို အနိုင်ရမယ့် ရေပန်းစားအသင်းတစ်သင်းကို ဖြုတ်ချနိုင်တာပါပဲ။ ဒါဆိုရင် ဘာတန်နဲ့ ယှဉ်ပြိုင်ရပြီး ဗိုလ်လုပွဲအတွက် တစ်နေရာစာ ရနိုင်ပါတယ်။ အခုချိန်မှာ လက်စတာပရိသတ်တွေအတွက် ဘာကျန်ခဲ့လို့လဲ? ဒါက သဘောမတူနိုင်စရာပါပဲ။ ဒီပွဲကတော့ ချယ်ဆီးပဲ နိုင်ပါလိမ့်မယ်။ ဝုဗ်အသင်းကို အရေးနိမ့်ခဲ့ပြီးကတည်းက ချယ်ဆီးက ရလဒ်ကောင်းတွေ ရထားပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3-0 လက်စတာ

ဟက်ဒါဖီး Vs ဆောက်သမ်တန်/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ဆောက်သမ်တန်အကြောင်း ကျနော် သိပ်မပြောနိုင်ဘူး ဖြစ်နေတယ်။ အာဆင်နယ်ကို နိုင်ခဲ့တာက သူတို့ကြောင့်ဆိုတာထက် အာဆင်နယ်ကြောင့်ပဲ ဆို ပိုမှန်လိမ့်မယ်။ ဒါပေမယ့် ဒန်နီအင့်ကတော့ အခြေအနေတွေ ပြောင်းလဲနိုင်တယ်ဆိုတာ လက်ခံရမယ်။ ဟက်ဒါဖီးက ဂိုးတွေ မသွင်းနိုင်ဘူး။ တဖက် ဧရိယာထဲမှာဆိုရင်ကို တိုက်စစ်ဆင်ဖို့ သူတို့ ရုန်းကန်နေရတယ်။ ဂိုးတွေ မသွင်းနိုင်ရင် ပွဲတွေ မနိုင်ဘူးလေ .. ဟက်ဒါဖီးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ။ အဝေးအသင်းဘက်ကပဲ ကျနော် နေပါရစေ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0-2 ဆောက်သမ်တန်

မန်စီးတီး Vs ခရစ္စတယ်ပဲလေ့စ်/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ဒီပွဲက မန်စီးတီးအနိုင်ပါပဲ။ ပြောစရာက ဘယ်လောက်နဲ့ နိုင်သွားမလဲပါ။ ဇာခါမပါပဲ လက်စတာကို ပဲလေစ့်တို့ အနိုင်ယူ သွားတာ ကျနော် သိပါတယ်။ ဒါပေမယ့်လည်း သူတို့အသင်းက ကိုယ်ရှိရမယ့် နေရာမှာ ရှိမနေတဲ့ အသင်းပါ။ ဒီလအစက ဘန်လေနဲ့ပွဲမှာ သူတို့ အနိုင်ရခဲ့တယ်။ ဘရိုက်တန်နဲ့ပွဲမှာ ပြိုင်ဘက်က တစ်ယောက်လျော့နဲ့တောင် အနိုင်မရဘူး။ ပဲလေစ့်ရဲ့ ရလဒ်တွေက တက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ မန်စီးတီးအတွက်က ပြိုင်ဘက်ကို ဖြိုခွင်းနိုင်ဖို့ ဒီဘရိုင်း ပြန်လာပါပြီ။ ဒါကပဲ စီးတီးတို့ လိုအပ်တာပါ။ လုံလောက်တဲ့ အခွင့်အရေး ဖန်တီးမှုတွေကို စီးတီးက ပြုလုပ်နိုင်ပါပြီ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 ခရစ္စတယ်ပဲလေ့စ်

နယူးကာဆယ် Vs ဖူလ်ဟမ်/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၉း၃၀ နာရီ)

နယူးကာဆယ်ပါပဲ သံသယ ရှိစရာမလိုဘူး။ ပေးဂိုးမရှိ clean sheet ပွဲတွေ မရှိရင် ဇယားအပေါ် တက်ချင်လို့ မရပါဘူး။ ဖူလ်ဟမ်ဟာ အခုကော ရာသီကုန်ထိကော clean sheet ရစရာ လမ်းမမြင်ဘူးလို့ ကျနော်ထင်တယ်။ ရေနီရာရီက ဖူလ်ဟမ်အတွက် ဘာတွေ ယူလာပေးနိုင်ခဲ့လဲ ကျနော် သိပ်မသိပါဘူး။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 3-0 ဖူလ်ဟမ်

ဝက်စ်ဟမ်း Vs ၀က်ဖို့/ (ဒီဇင်ဘာ ၂၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းကတော့ အခြေအနေပြောင်းသွားပြီ။ သူတို့ ယုံကြည်မှု အပြည့်နဲ့ ကစားနေကြပြီ။ ကစားသမားကောင်း အချို့ ရှိသလို ပြိုင်ဘက်တွေကို ချေမှုန်းနိုင်တဲ့ ပွဲကောင်းတွေ ရှိထားတယ်။ ဂိုးတွေ သွင်းလာနိုင်တဲ့အပြင် ကျနော် သဘောကျတာက သူတို့ကို ဖြိုခွင်းရပါ ခက်လာတာကိုပါ။ ၀က်ဖို့က်လည်း ပြီးခဲ့တဲ့အပတ်က ကားဒစ်ဖ်ကို နိုင်ထားတာပါ။ ဒါပေမယ့် ကျနော်ကတော့ ၀က်စ်ဟမ်းဘက်က ရှိမယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 3-1 ၀က်ဖို့

ကားဒစ် Vs မန်ယူနိုက်တက်/ (ဒီဇင်ဘာ ၂၃၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

စောင့်ကြည့်ပါ။ ဒီပွဲကိုတော့ စောင့်ကြည့်ပါ။ ယူနိုက်တက်က ပြေးပြေးလွှားလွှားနဲ့ ပွဲကို တန်ပိုမြင့်ပြီး ကစားပါလိမ့်မယ်။ ယူနိုက်တက်က ခြေချင်းခတ်ခံထားရတာ မဟုတ်ပါဘူး။ ကစားသမားတွေက သူတို့ ကစားချင်သလို ကစားနေခဲ့တာပါ။ ဒါက ရိုးရိုးလေးပါပဲ။ အရင်အပတ်က ရာသီရဲ့ အရေးကြီးဆုံးပွဲကို သူတို့ ကစားခဲ့တယ်။ အဲ့တာက ရှက်ဖို့လည်း ကောင်းခဲ့တယ်။ လီဗာပူးက ဟက်ဒါဖီးနဲ့ ကာဒစ်တို့ကိုတောင်မှ ဂိုးပေါက် ခြိမ်းခြောက်မှု 36 ကြိမ် လုပ်နိုင်ခဲ့တာ မဟုတ်ဘူး။ ဒါက ကစားသမားတွေရဲ့ ချုပ်ကိုင်မှုပါ။ ရိုးရိုးလေးပါပဲ။

နေးဝါးနော့ကတော့ ယူနိုက်တက်မန်နေဂျာအဖြစ် မော်ရင်ညိုကို ဆက်ရှိနေစေချင်မှာပါ။ သူတို့နဲ့ ယူနိုက်တက်တို့ ကစားတဲ့နေ့အထိ အကောင်းဆုံးမန်နေဂျာတစ်ဦးကို ယူနိုက်တက်မှာပဲ ဆက်ရှိနေစေချင်ပါလိမ့်မယ်။ အခုတော့ သူစိတ်ပျက်နေရပါလိမ့်မယ်။ တကယ်ကို စိတ်ပျက်နေရမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ကားဒစ် 0-3 မန်ယူနိုက်တက်

အဲဗာတန် Vs စပါး/ (ဒီဇင်ဘာ ၂၃၊ တနင်္ဂနွေနေ့ ည ၁၀း၃၀ နာရီ)

နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ အဲဗာတန်က တိုက်စစ်ပိုင်းမှာ ပုံစံကောင်းတွေ မရဖြစ်နေပါတယ်။ စပါး အသင်းကို အဲ့သည်လို ရင်ဆိုင်ဖို့က မဖြစ်နိုင်ဘဘူး။ အကယ်လို့ ဒီပွဲကို တိုက်စစ်ဖွင့်ကစားကြမယ်ဆိုရင် စပါးက အသာရမယ်လို့ ထင်တယ်။ အာဆင်နယ်ကို အနိုင်ရထားလို့လည်း စပါးက စိတ်ဓါတ်ပိုင်းမှာ ယုံကြည်မှုတွေ တိုးပွားနေနိုင်တယ်။ ဒီပွဲက ခက်ခဲမယ်ဆိုပေမယ့် စပါးပဲ အနိုင်ရပါလိမ့်မယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ အဲဗာတန် 1-3 စပါး