ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ရဲ့ သောကြာနေ့ည ပွဲအဖြစ် ဝုဗ်အသင်းကွင်းမှာ လီဗာပူးအသင်း သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါပွဲကို ဆာလက်၊ ဗန်ဒိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့လို့ ခရစ်စမတ်ကာလမှာ အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ရဲ့ ဦးဆောင်သူနေရာကို ရယူသွားခဲ့ပါပြီ။

ဝုဗ်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးရခဲ့တဲ့ ဗန်ဒိုက်ကို သတင်းသမားတွေက clean sheet ရတာအတွက် ကျေနပ်လား၊ သွင်းဂိုးရတာအတွက် ကျေနပ်လားလို့ မေးခွန်းထုတ်ခဲ့တယ်။ ဗန်ဒိုက်ကတော့ နိုင်ပွဲရလို့ ပျော်ပါတယ်လို့ ပြန်လည် ဖြေဆိုပေးခဲ့ပါတယ်။

ဝုဗ်နဲ့ပွဲမှာ လီဗာပူးတိုက်စစ်သမား ဆာလက်က ပထမဆုံး ဂိုးပေါက် ခြိမ်းခြောက်မှုမှာတင် သွင်းဂိုးရယူခဲ့ပါတယ်။ ဒါကြောင့် သူဟာ ထိပ်တိုက်ရင်ဆိုင်ဖူးတဲ့ ပရီးမီးယားလိဂ်အသင်း 22 သင်းအနက် အသင်း 20 ကို ဂိုးသွင်းနိုင်ခဲ့ပါပြီ။ ဆာလက် ဂိုးမသွင်းနိုင်တဲ့ နှစ်သင်းကတော့ မန်ယူနိုက်တက်နဲ့ ဆွမ်ဆီးတို့ဖြစ်ပါတယ်။

အီတလီဘက်ကသတင်းများအရ ချယ်ဆီးနည်းပြ ဆာရီဟာ အေစီမီလန်မှ ဟီဂူအင်နဲ့ ချယ်ဆီး တိုက်စစ်မှူး မိုရာတာတို့ကို အလဲအထပ် ပြုလုပ်လိုနေတယ်လို့ ဆိုပါတယ်။ ဆာရီက ဟီဂူအင်နဲ့ နာပိုလီမှာ ဆုံဖူးပြီး သူနှစ်သက်တဲ့ ကစားသမားပါ။

မိုနာကို နည်းပြ အွန်နရီက ၎င်းရဲ့ အသင်းဖော်ဟောင်း ချယ်ဆီးကွင်းလယ် ဖာဘရီဂတ်စ်ကို ယခင် ရှိခဲ့တဲ့ သံယောဇဉ်တွေကြောင့် ၎င်းနည်းပြနေတဲ့ မိုနာကို အသင်းဆီ ပြောင်းရွှေ့လာအောင် ခေါ်နိုင်မယ်လို့ မျှော်လငိ့နေပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ဟာဇက်ရဲ့ အကောင်းဆုံး ကစားနိုင်တဲ့နေရာဆိုတာ မရှိဘဲ ၎င်းကို လွတ်လွတ်လပ်လပ် ကစားစေတာ အကောင်းဆုံးပုံစံပဲလို့ ပြောကြားလိုက်ပါတယ်။ ဟာဇက်က ကစားသမားကောင်း ဖြစ်တဲ့အပြင် မှန်းကြည့်တာထက်ကို အရမ်းအဆင့်မြင့်တဲ့ အနေအထားမှာ ရှိသူပါလို့ ဆာရီက ချီးကျူးသွားပါတယ်။

အိုဇေးကို ကာရာဘောင်းပွဲမှာ ချန်လှပ်ခဲ့ပြီး အသင်းမှ ရောင်းထုတ်မယ် သတင်းများ ထွက်နေပေမယ့် အာဆင်နယ်နည်းပြ အမ်မရီကတော့ အသင်းအနာဂတ် အစီအစဉ်များထဲမှာ အိုဇေးပါဝင်နေပါတယ်လို့ ပြောကြားသွားပါတယ်။ အိုဇေးဟာ စပါးနဲ့ ကာရာဘောင်း ကွာတားဖိုင်နယ်မှာ အရန်ခုံကနေ အသင်းရှူံးတာ ထိုင်ကြည့်နေခဲ့ရတာပါ။

အီတလီဘက်က ထွက်ပေါ်လာနေတဲ့ သတင်းတွေမှာတော့ အင်တာမီလန်အသင်းဟာ Bosman စည်းမျဉ်းနဲ့အတူ ရမ်ဆေးကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူထားပါတယ်။ အင်တာမီလန်ဟာ တစ်နှစ်လုပ်ခ ပေါင် 6.3 သန်း တန်ကြေးရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

လာလီဂါကလပ် ဂီတာဖေးအသင်းဟာ အာဆင်နယ်ကစားသမားဟောင်း ဖလာမီနီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မှတ်ထိုး ခေါ်ယူခဲ့ပါပြီ။

ဒေးဗစ်ဆေးလ်ဗားက ထရိန်နင်မှာ ပြန်လည်ပါဝင်နေပြီ ဖြစ်ပြီး ပဲလေ့စ်နဲ့ ပွဲမှာတော့ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဗင်းဆင့်ကွန်ပနီရဲ့ အခြေအနေကလည်း အတော် ပြန်ကောင်းလာနေပြီလို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်စီးတီးလူငယ် ဘရာဟင်းဒိုင်ယာ့ဇ်ကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်က အလွန်နီးစပ်နေပါပြီ။ ကစားသမားကို ညှိနှိုင်းလို့မရတဲ့နောကိ စီးတီးဘက်က ယူရို သန်း ၂၀ တောင်းဆိုနေပြီး နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုတော့ မရသေးပါဘူး။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့ လိုင်ယွန်စတား အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားလေး Houssem Aouar ကို ရည်ရွယ် ပစ်မှတ်ထားနေပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲ ထိပ်တိုက်တွေ့မှုတွေမှာ ကစားသမားရဲ့ခြေစွမ်းကို ဂွာဒီယိုလာက ချီးကျူးဖူးပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆိုးရှား အခုလို နည်းပြလောကထဲ ဝင်ရောက်လာပုံက ဘောလုံးလောကအတွက် ကောင်းတဲ့ အချက် ဖြစ်တယ်လို့ ရိမ်းဂျားစ် လက်ထောက်နည်းပြ လီဗာပူး ကစားသမားဟောင်း မက် အလစ္စတာက ပြောကြားလိုက်ပါတယ်။ ဆိုးရှား၊ ဂျရတ်ကဲ့သို့သော ကစားသမားကောင်းတွေက အတွေအကြုံတွေကို အသုံးချဖို့ နည်းပြလောကထဲ တဆင့်ပြီး တဆင့် ဝင်ရောက်ကာ အသင်းကြီးတွေ ကိုင်တွယ်တဲ့ အထိ တက်လှမ်းကြတာက ရှေ့ဆောင်လမ်းပြဖြစ်ပြီး အားတက်စရာပါလို့ ၎င်းက ဆိုပါတယ်။

မန်စီးတီးဟာ ဒီတလောနှစ်တွေမှာ ပုံစံကောင်းတွေရပြီး အောင်မြင်လာပေမယ့် မန်ယူနိုက်တက်ရဲ့ နာမည်အရှိန်အဝါကို မမှီသေးဘူးလို့ ကာရေဂါက မှတ်ချက်ပြုလိုက်ရာ ယူနိုက်တက် ပရိသတ်များ ထောက်ခံနေကြပါတယ်။

ယူနိုက်တက်လို ကလပ်အသင်းကြီးမှာ ပါဝင်ရတာက တောင်းဆိုမှုကြီးမားတဲ့ အလုပ်ဖြစ်ပြီး အဲဒီထဲက တစ်ချက်က ကစားသမားတွေ အနေနဲ့ တစ်ဦးကောင်း မဟုတ်ဘဲ အသင်းအဖွဲ့နဲ့ ကစားတတ်ဖို့လဲ ပါတယ်လို့ နည်းပြ ဆိုးရှားက ပြောကြားလိုက်ပါတယ်။

စပါးအသင်းမန်နေဂျာ ပိုချက်တီနိုက လူတွေက အသင်းအပေါ် အနှုတ်လက္ခာဏာဆောင်တဲ့ အထင်အမြင်တွေ လျှော့တွက်မှုတွေကို ဒေါသထွက်ရကြောင်း ပြောကြားလိုက်ပါတယ်။ စပါးက ဇန်နဝါရီမှာ လူမခေါ်ရင် ‘သြော သူတို့ရှိတဲ့ လူစာရင်းနဲ့ အမှတ်ပေးဖလား စိန်ခေါ်နိုင်တယ်တွေး ထားလို့ လို့ ပြောကြဖို့ထက် တခြား မကောင်းတဲ့ အမြင် လျှော့တွက်မှုတွေပဲရှိနေတာကြောင့် ဒါတွေကို ပြောင်းလဲ ပစ်မယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

အားကစားသုံးသပ်သူကာရေဂါက ယူနိုက်တက်ဟာ စပါးထက် ပိုကြီးမားတဲ့ ကလပ်အသင်းဖြစ်ပြီး ယူနိုက်တက်ဘက်က ကမ်းလှမ်းလာပြီဆိုရင် ပိုချက်တီနိုအနေနဲ့ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်က အလိုရှိလာတဲ့အပေါ် အသုံးချပြီး ပိုချက်တီနိုအနေနဲ့ စပါးဘုတ်အဖွဲ့ကို ကစားသမား ဝယ်ယူရန် ငွေကြေးထုတ်ပေးဖို့ တောင်းဆိုသင့်ကြောင်း မာတင်ကီယွန်က အကြံပြုလိုက်ပါတယ်။ နွေအပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူမှု မလုပ်ခဲ့တဲ့ စပါးဟာ ဇန်နဝါရီမှာလည်း သံသယရှိစရာ အနေအထားကို ရင်ဆိုင်နေရပါတယ်။