မန်စီးတီးဟာ ဆာနေး ကို လက်လွှတ်ရရင် အစားထိုးဖို့ရာ ရီးရဲလ်ဆိုစီဒက်အသင်းမှ တောင်ပံသမား အိုယာဇာဘယ်ကို စိတ်ဝင်စားနေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ စပိန် ယူ-၂၁ အသင်းနဲ့အတူ နွေပွဲတော်မှာ အောင်မြင်မှု ရထားခဲ့သူပါ။

မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းက ကြံ့ခိုင်မှု အပြည့်နဲ့ သက်တောင့်သက်သာ ရှိနေကာ ရာသီသစ်အတွက် အဆင်သင့် ဖြစ်ကာ ယုံကြည်မှု အပြည့် ရှိနေကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အန်ဒါလက်ခ်ျသို့ ကစားသမား-မန်နေဂျာ အဖြစ် ပြောင်ရွှေ့သွားပြီ ဖြစ်တဲ့ မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီရဲ့ ဘယ်လ်ဂျီယံလိဂ် အဖွင့်ကတော့ မလှခဲ့ဘဲ အိမ်ကွင်းမှာတင် Oostende အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်ကတော့ မန်စီးတီး ကစားသမား ဆာနေးကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေကြောင်း ဒေသခံ သတင်းတွေမှာ ဖြေကြားထားပါတယ်။

ဒီနွေမှာ ကိုပါအမေရိကဖလား ပွဲ ကစားထားတဲ့ ဂျီးဆု၊ ဖာနန်ဒင်ဟို၊ အီဒါဆန်၊ အော်တာမန်ဒီ၊ အဂွယ်ရိုတို့နဲ့ အာဖရိကဖလား ကစားထားတဲ့ မာရက်ဇ်တို့ဟာ လီဗာပူးနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ မန်စီးတီးဘက်က ပြန် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ဘယ်အစွန်လူ မန်ဒီကလည်း ဒူးဒဏ်ရာကို ခွဲစိတ်မှု ပြန်လည် ပြုလုပ်ဖို့ လိုအပ်နေတာကြောင့် မန်စီးတီးဟာ လီဗာပူးနဲ့တွေ့မယ့် ပွဲမှာ စီနီယာကစားသမား ၇ ဦးထိ လက်လွှတ်ထားရဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ စီးတီး တိုက်စစ်သမား ဆာနေးကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုများ ရှေ့ဆက် လုပ်ဆောင်နေပါတယ်။ စီးတီးက ဆာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ သတ်မှတ်မယ်လို့ သိရပါတယ်။