လီဗာပူးအသင်းနဲ့ ဒီနွေကမှ သက်တမ်းတိုးထားတဲ့ တိုက်စစ်မှူး အိုရီဂီကို တူရကီအခြေစိုက် ကလပ်အသင်း တစ်သင်းက အငှားခေါ်ဖို့ ကြိုးစားလာနေပါတယ်။ လီဗာပူးနဲ့ ညိနှိုင်းမှုလုပ်နိုင်ရင် ကစားသမားနဲ့ ဆက်လက်ဆွေးနွေးမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်မှ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား ဆလာဇာကို ခေါ်ယူဖို့ လီဗာပူးလည်း ပါဝင်လာပါပြီ။ လူငယ်ကစားသမားကို ခေါ်ယူဖို့ ကလပ်အသင်း ၅၀ လောက်က ချိတ်ဆက်မှု ရှိထားတယ်လို့ သိရပါတယ်။

လီဗာပူးလူငယ်ကစားသမား ဝုဒ်ဘမ်းဟာ လာမယ့်ရာသီအတွက် လိဂ်ဝမ်းကလပ် အောက်စဖိုဒ့်အသင်းထံ တစ်ရာသီ အငှားနဲ့ ထွက်ကစားပြီဖြစ်ပါတယ်။

ဖူလ်ဟမ်ဘက်ကတော့ လူငယ်လေး အီလီယော့ခ်ကို လီဗာပူးအသင်းထံ လက်လွတ်ရတာက ငါးကြီးကြီးတစ်ကောင် လွတ်မိခြင်းအဖြစ် ဒေါပွနေပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက ဒီရာသီဟာ ကွင်းလယ်အတွဲ ဖာဘင်ညိုနဲ့ ကိတ်တာတို့ရဲ့ ခြေစွမ်းတွေကို အမှန်အကန် မြင်တွေ့ရမယ့် ဘောလုံးရာသီအဖြစ် သုံးသပ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ မနှစ်တုန်းက ရာသီဝက် ကျော်လွန်ချိန်ထိ နေရာမရသေးပါဘူး။

လီဗာပူးဂိုးသမား အယ်လီဆန်က ရာသီစဟာ ကလပ်အသင်းတိုင်း ရည်မှန်းချက် မြင့်မြင့်မားမား ထားရှိကြတဲ့ ရာသီဖြစ်လို့ အစွမ်းကုန် ပြင်ဆင်ဖို့ လိုအပ်မယ်လို့ သတိပေးလိုက်ပါတယ်။

လီဗာပူးခံစစ်မှူးဟောင်း စကာတယ်ဟာ ကလပ်အသင်းဖော်တွေဖြစ်ခဲ့တဲ့ စတီဗင်ဂျရတ်ရှိရာ ရိန်းဂျားအသင်းကို ပြောင်းရွှေ့ဖို့ စကားပြောမှုတွေ ပြုလုပ်နေပါတယ်။

ဘာစီလိုနာဟာ ကွင်းလယ်လူကော်တင်ညိုကို ရောင်းထုတ်ဖို့ကိစ္စ အဆင်မပြေတဲ့နောက် လာမယ့်ရာသီ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။

လီဗာပူးဟာ ဘယ်အစွန်နေရာအတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူလိုနေပြီး ဘက်တစ်မှ ဖာပို (သို့) အော့ဘတ်မှ မတ်စ် နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ခွင့်အား ရှာဖွေနေပါတယ်။