မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးအပတ်ထဲ ရောက်တော့မှာ ဖြစ်သည့်တိုင် လက်စတာခံစစ်မှူး မက်ဂွဲယားကို ခေါ်ယူနိုင်ခြင်း မရှိသေးတာကြောင့် အခြား ရွေးချယ်စရာများဘက် စဉ်းစားလာခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာက မက်ဂွဲယားအတွက် ပေါင် သန်း ၈၀ ထိ အလို ရှိနေပြီး မန်ယူကတော့ သန်း ၇၀ ထက် တိုးမပေးလိုတော့ပါဘူး။

ဒါကြောင့် ဘာစီလိုနာမှ ဗဟိုခံစစ်မှူး အမ်တီတီကို ပြောင်းလဲ ကြိုးစားရန် မန်ယူ အသင်း ဦးလှည့်လာပြီ ဖြစ်ကာ ကမ်းလှမ်းမှု ပြုလုပ်တော့မယ် လို့ သိရပါတယ်။ အမ်တီတီက ဘာစီလိုနာအသင်းထံသို့ လိုင်ယွန်မှ ၂၀၁၆ ခုနှစ်က ရောက်ရှိလာပြီး အသင်းအတွက် ၉၇ ပွဲ ကစားပေးထား ပါတယ်။

ပြင်သစ်သတင်းများအရ မန်ယူအသင်းဟာ အစောပိုင်းကတည်းက ပစ်မှတ်ထားခဲ့တဲ့ ကစားသမားများဘက် ခြေလှမ်း ပြန် ဦးတည်ကာ ကြိုးစားနေပြီလို့ ဆိုထားပါတယ်။

ဘောလုံးရာသီစတာနဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ပိတ်တော့မှာ ဖြစ်တာကြောင့် မန်ယူအသင်း အချိန် များများစားစား မကျန်တော့ဘဲ တစ်ပတ်လောက် အတွင်း ကြိုးစား ခေါ်ယူရတော့မှာပါ။

ဘာစီလိုနာ ခံစစ်မှူး အမ်တီတီဟာ ပြီးခဲ့တဲ့ရာသီ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးကတည်းက ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေတာပါ။ လာလီဂါ ချန်ပီယံကလပ်အသင်းကလည်း ကစားသမား ရောင်းချပြီး ငွေရှာဖို့ အစီအစဉ် ရှိနေတာကြောင့် အသက် ၂၅ နှစ် အရွယ် ပြင်သစ်သား အတွက် ပေါင် ၅၅ သန်းနဲ့ ရောင်းချလိုနေပါတယ်။

မန်ယူအသင်းကတော့ အမ်တီတီ အတွက် ပေါင် ၄၆ သန်းနဲ့ စတင်ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။ ဘာစီလိုနာ ခံစစ်မှာ ပီကေးလ် နဲ့ လန်ဂလက်သာ တွဲဖက် နေရာရနေတာကြောင့် မန်ယူက ပွဲ ကစားခွင့် ပိုပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အမ်တီတီကို ခေါ်ဖို့ ဆွဲဆောင်ဖွယ် ရှိပါတယ်။