ဘောက်ဆင်ဒေး ပွဲစဉ်မှာ စပါးအသင်းက တိုက်စစ်အစွမ်းပြကာ ဘုန်းမောက်ကို ၅ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိကာ အဆင့် ၂ နေရာ တက်လှမ်းသွားပါတယ်။ စပါးအသင်းအတွက် ဂိုးတွေကို ဆွမ်ယောင်မင်က ၂ဂိုး၊ လူးကပ်မိုရာ၊ အဲရစ်ဆန်နဲ့ ကိန်းက တစ်ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ပါတယ်။

စပါးအသင်း မန်နေဂျာ ပိုချက်တီနိုက ၄င်းအသင်းသားတွေကို ကိုယ့်အသင်းခြေစွမ်ကိုသာ ကိုယ် အာရုံစိုက်ထားကြဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ဒ့ါအပြင် အမှားတွေကနေလည်း သင်ယူကြဖို့ တိုးတက်အောင် လုပ်ကြဖို့ပါ အသင်းသားတွေကို မှာကြားထားတယ်လို့ သိရပါတယ်။

စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးတဲ့ အဲရစ်ဆန်အကြောင်း မေးမြန်းရာမှာ ပိုချက်တီနိုက လာမယ့် ရက်အနည်းငယ်အတွင်း (အပြောင်းရွှေ့ စချိန်မှာ) ဖြစ်ဖြစ် ရာသီအကုန်မှာ ဖြစ်ဖြစ် ဆုံးဖြတ်ချက် တစ်ခုခု သိရဖွယ် ရှိတယ်လို့ ဖြေကြားသွားပါတယ်။ ဒါ့အပြင် စာချုပ်သစ် ချုပ်ဆိုမှုတွေက အသင်းအပေါ်တင်မကဘဲ ကစားသမားပေါ် မူတည်တယ်လို့ ပိုချက်တီနိုက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်းဖီးလ်မှာ နယူးကာဆယ်ကို ၄-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ဆက်လက်နေရာ ယူနေပါတယ်။ လီဗာပူးအတွက် ဂိုးတွေကို လိုဗရန်၊ ဆာလက် (ပင်နယ်တီ)၊ ရှာကီရီနဲ့ ဖာဘင်ညိုတို့က သွင်းယူပေးခဲ့တာပါ။ ဖာဘင်ညိုအတွက် ဒီပွဲက ဂိုးဟာ ၄င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ပါတယ်။

ခရစ္စမတ်မှာ အမှတ်ပေးဇယား အဆင့် ၁ နေရာ ရပ်တည်နိုင်ခဲ့သော်လည်း ရာသီကုန်မှာ ချန်ပီယံ မဖြစ်ခဲ့တဲ့ လီဗာပူးရဲ့ မှတ်တမ်းဆိုးအကြောင်း ပြောဆိုနေကြသူများကို ကလော့ပ်က အဓိပ္ပါယ်မရှိကြောင်း တုန့်ပြန်သွားပါတယ်။ အတိတ်က အတိတ်သာ ဖြစ်ပြီး လက်ရှိလီဗာပူးအသင်းဟာ ထိုစဉ်ကာလတွေနဲ့ မတူတဲ့ အသင်း၊ မတူတဲ့ လူစာရင်း၊ မတူတဲ့ကာလမှာ ရှိကြောင်း ကလော့ပ်က သတိပေးသွားပါတယ်။

ကလော့ပ် သဘောကျနေတဲ့ ဂျာမန်သား လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ဆိုရင် ဇန်န၀ါရီမှာ လက်ရှိ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အိုရီဂီနဲ့ စတားရစ်ကို ရောင်းထုတ်ဖွယ် ရှိကြောင်း Talk Sports မှာ သုံးသပ်ထားပါတယ်။ တီမိုဝါနာကို လီဗာပူးအပြင် ဘိုင်ယန်မြူးနစ်အသင်းကလည်း အလိုရှိနေပါတယ်။

ဆိုးရှားရဲ့ ဒုတိယပွဲစဉ်ကလည်း ဆက်လက် ရလဒ်ကောင်းခဲ့ကာ အိမ်ကွင်းမှာ ဟက်ဒါဖီးလ်ကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေကို မာတစ် ၁ဂိုး၊ ပေါ့ဘာက ၂ဂိုး သွင်းယူပေးခဲ့တာပါ။

နည်းပြ ဆိုးရှားရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်ကို ယူနိုက်တက် ကစားသမားဟောင်း ၀ိန်းရွန်းနီ အိုးထရက်ဖို့မှာ လာရောက် အားပေးခဲ့ပါတယ်။ ရွန်းနီက အိုးထရက်ဖို့ကွင်းထဲရောက်နေတဲ့ ၄င်းပုံကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တာပါ။

ဟက်ဒါဖီးနဲ့ပွဲ ယူနိုက်တက် လူစာရင်းမှာ တိုက်စစ်သမား မာရှယ် မပါဝင်လာခဲ့ပါဘူး။ မာရှယ်က ခရစ္စမတ်အပြီးမှာပဲ အစားမှားပြီး ဖျားနာနေကြောင်း ဆိုးရှားက ရှင်းပြခဲ့ပါတယ်။ နောက်ပွဲ ဘုန်းမောက်နဲ့ပွဲမှာတော့ မာရှယ် ပြန်လည်ပါဝင်လာနိုင်မယ် မျှော်လင့်ရပါတယ်။

ဝတ်ဖိုဒ့်နဲ့ပွဲ ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့တဲ့ ဟာဇက်ဟာ ချယ်ဆီးအသင်းအတွက် ဂိုး 100 ပြည်အောင် သွင်းပေးနိုင်တဲ့ 10 ယောက်မြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှ အငှားလာရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်က အငှားကုန်ဆုံးချိန်မှာလည်း ချယ်ဆီးအသင်းမှာ ဆက်နေဖို့ စိတ်ဝင်စားနေပါတယ်။ “အခု ကျနော် ဒီမှာ ပျော်တယ်.. မြို့ကလည်း သိပ်ခမ်းနားသလို ကလပ်အသင်းကလည်း ကမ္ဘာပေါ် အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကျနော့် အသင်းဖော်တွေကလည်း သိပ်တော်ကြတယ်” လို့ ကိုဗာဆစ်က ၄င်းအမြင်ကို ပြောကြားလိုက်ပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက အသင်းမှာ ကွင်းလယ်ခံစစ်သမား တစ်ယောက် လိုအပ်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသင်းမှာ ကွင်းလယ် တိုက်စစ်သမားတွေ များပြားနေပေမယ့် ခံစစ်ကစားနိုင်တာ ကန်တေ တစ်ယောက်တည်း ရှိတာကြောင့် ဟန်ချက်ညီမှု မရှိဘူးလို့ ဆာရီက သုံးသပ်လိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ကင်းပါဝါမှာ လက်စတာကို ရှုံးနိမ့်သွားတဲ့အပြင် ဒပ်ဖ်လည်း အနီကတ်ရသွားခဲ့ပါတယ်။ ဒီအနီကတ်က ၂၀၁၇ ဘုန်းမောက်နဲ့ပွဲမှာ စတားလင်း အနီကတ်နောက်ပိုင်း ပထမဆုံးအကြိမ် မန်စီးတီးကစားသမားတစ်ယောက် ထုတ်ပယ်ခံရခြင်း ဖြစ်ပြီး လီဗာပူးကို ရင်ဆိုင်ရမယ့် ပွဲအပါအဝင် လာမယ့် သုံးပွဲကို လွဲချော်ရပါမယ်။

ပြီးခဲ့တဲ့နွေကမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ မန်စီးတီးကစားသမား မာရက်ဇ်က ၄င်းရဲ့ အကောင်းဆုံးပုံစံကို မပြရသေးဘဲ ဒုတိယရာသီဝက်မှာ ပိုကောင်းလာဦးမယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ “နေရာသစ်တစ်ခုကို ရောက်တဲ့အခါ ပထမဆုံး ၆လ လောက်ကတော့ အသားကျဖို့ ရုန်းကန်ရတတ်ပါတယ်။” လို့ မာရက်ဇ်က ဆိုပါတယ်။

လက်စတာကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဂွာဒီယိုလာက အသင်းရဲ့ကစားဟန်ကို အပြောင်းအလဲ ပြုလုပ်ရဖွယ်ရှိကြောင်း အရိပ်အမြွ ပြောဆိုပါတယ်။ လက်ရှိ အမှတ်ပေးချန်ပီယံဟာ ဒီဇင်ဘာလထဲမှာတင် ရှူံးပွဲ ၃ ပွဲ ရင်ဆိုင်ထားရပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၆၁ ပွဲမှာ ရင်ဆိုင်ထားရတဲ့ ရှူံးပွဲထက်တောင် ပိုမိုလာပါတယ်။

အာဆင်နယ်ဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဘရိုက်တန်နဲ့ပွဲ ၁-၁ သရေကျခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အန္တရာယ်များတဲ့ အနေအထားကို ပြန်ရောက်လာပါပြီ။ သီတင်းပတ်အကုန်မှာတော့ အာဆင်နယ်ဟာ အန်ဖီးကွင်းထံသွားပြီး လီဗာပူးနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ဖူလ်ဟမ်မှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်ခံစစ်မှူး ချမ်ဘာ က အမ်မရီနဲ့ ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပြီး ပွဲကစားချိန် ပိုမို ရလိုတာကြောင့်သာ အငှားထွက်ကစားခြင်း ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် လူငယ်ခံစစ်မှူး ချမ်ဘာက ရာသီကြို ကာလက အာဆင်နယ်အသင်းနဲ့ အတူ လေ့ကျင့်မှုတွေ ရှိခဲ့သူပါ။

အမ်မရီ အကြိုက် ကစားသမား ဖြစ်တဲ့ ပေါင် ၁၈ သန်းတန် ဆီဗီလာ ကွင်းလယ်ကစားသမား Banega ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက လိုက်လံချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိပြီ ဖြစ်တဲ့ Banega က အမ်မရီရဲ့တပည့်ဟောင်း ဖြစ်ပြီး ဗလင်စီယာနဲ့ ဆီဗီလာတို့မှာ ဆုံဖူးကြပါတယ်။