ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှား စပါးအသင်းက ကားဒစ်ဖ်ကို ၈မိနစ်မှာ သွင်းတဲ့ ဒိုင်ယာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အနိုင်ရခဲ့ပေမယ့် စပါးအသင်းဟာ စွမ်းဆောင်ရည်ပိုင်း တိုးတက်ဖို့ လိုအပ်နေကြောင်း မန်နေဂျာ ပိုချက်တီနိုက ပွဲအပြီးမှာ ၀န်ခံပြောကြားခဲ့ပါတယ်။

တော်တင်ဟမ်မန်နေဂျာက ကာဒစ်အသင်းကို သွင်းဂိုး တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရပေမယ့်လည်း အမှတ်ပေးဇယား ဦးဆောင်သူတွေနဲ့ တစ်မှတ်အကွာကို ရောက်လာခဲ့လို့ ကျေနပ်ကြောင်း ပြောဆိုပါတယ်။

ပိုချက်တီနိုက စပါးကွင်းလယ်ကစားသမား အလီဟာ ဒဏ်ရာတွေကို ရှောင်ရှားဖို့ ပိုပြီး ပါးနပ်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ ဆက်တိုက် ဖြစ်နေတဲ့ အလီရဲ့ တံကောက်ကြော ဒဏ်ရာမှာ ပထမဆုံး တာဝန်ရှိတာ ဂရုပြုရမှာက ကစားသမား ကိုယ်တိုင် ဖြစ်ပြီး နာကျင်နေလျက် ကြိတ်မှိတ် ဆက်ကစားတာမျိုး မလုပ်ဖို့ ပိုချက်တီနိုက တိုက်တွန်းထားပါတယ်။

နယူးကာဆယ်နဲ့ပွဲ ပွဲချိန် 67 မိနစ်မှာ လူစားဝင်လာတဲ့ ဆန်းချက်စ်ဟာ နာကျင်အချိန်မှာ ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးဟာ သူ့အတွက် ဒီရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်ကို ပထမပိုင်း ၁၀ မိနစ်အတွင်း ၂ ဂိုးခွင့်ပြုရတဲ့အပြင် ပထမပိုင်းတင် ဂိုးပေါက်တည့်တဲ့ အကြိမ် ၅ ကြိမ် ခွင့်ပြုခဲ့ရပါတယ်။ ဒါဟာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဘလက်ဘန်းနဲ့ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ပြီး ဂိုးပေါက် ၅ကြိမ် တည့်ခွင့် ပြိုင်ဘက်အသင်းကို ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုက အသင်းဘုတ်အဖွဲ့နဲ့ လာမယ့်အပတ်ထဲမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ အသင်းမန်နေဂျာနဲ့ ဘုတ်အဖွဲ့တို့ဟာ ယူနိုက်တက် ဒီရာသီမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ အသင်းမှာ အဆင်မပြေမှုများကို ဆွေးနွေးဖို့ ရှိပါတယ်။

မန်စီးတီးကစားသမား ဘာနာဒို ဆေးလ်ဗားက လီဗာပူးအသင်းရဲ့ လက်ရှိ ဘောလုံးရာသီ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ ခရီးဆက်နေတဲ့ မှတ်တမ်းကို အသေအလဲ ချိုးဖျက်ချင်နေတယ်လို့ ပြောကြားထားပါတယ်။

မန်စီးတီးကွင်းလယ် ကစားသမား ဂွမ်ဒိုဂန်ကတော့ လီဗာပူးနဲ့ ပွဲဟာ မန်စီးတီးရဲ့ ဒီရာသီ အခက်ခဲဆုံး ပွဲစဉ် ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။ စီးတီးဟာ နောက်ဆုံး ၃ ပွဲဆက် လီဗာပူးကို ရှုံးနိမ့်ထားခြင်းက ရုန်းထွက်ဖို့နဲ့ အရင်အမှားတွေကို ထားရစ်ဖို့ အသင်းဖော်တွေကို တိုက်တွန်းစကား ပြောခဲ့ပါတယ်။

အင်ဒိုနီးရှား ငလျင်မှာ အသက်ဘေး လွတ်မြောက်ခဲ့တဲ့ ၁၂ နှစ်သား မန်စီးတီး ပရိသတ်လူငယ်လေးကို မာရက်ဇ်က အားပေးစကား မက်ဆေ့ခ်ျ ဘီဘီစီမှ တဆင့် ပြောကြားခဲ့ပါတယ်။ မာရက်ဇ်က အင်ဒိုကလေးငယ် Rizky ကို လက်မောင်းကျိုး ဒဏ်ရာက်နေ အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းစကားဆိုလိုက်ပြီး ၄င်းအပါအ၀င် မန်စီးတီး တစ်သင်းလုံးက ၄င်းတို့အတွက် ဆုတောင်းပေးနေပါတယ်လို့ ပြောဆိုထားပါတယ်။ မာရက်ဇ်ဟာ ၄င်းလက်မှတ် ရေးထိုးထားတဲ့ ဂျာစီအကျီင်္ကိုလည်း Rizky ဆီ ပို့ပေးဖို့ စီစဉ်ထားပါတယ်။

မန်ချက်စတာ စီးတီးဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဘောလုံးတပ်ဖွဲ့ဖြစ်နေပြီ ဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ ထိုအသင်းအဖွဲ့ကို ကျော်လွှားနိုင်ရမယ်လို့ လီဗာပူးအသင်း မန်ေနဂျာ ယာဂင်ကလော့ပ်က ဆိုပါတယ်။

မန်စီးတီးကို အနိုင်ယူခြင်းက ကြီးမားတဲ့နိုင်ပွဲဖြစ်တယ်လို့ လီဗာပူး လူငယ်ခံစစ်မှူး အလက်ဇန္ဒါး ထရန့် အာနိုးက ဆိုပါတယ်။ ၄င်းတို့ (လီဗာပူး)အနေနဲ့ အကောင်းဆုံးအသင်း ဖြစ်ချင်ရင် အကောင်းဆုံးဆိုတဲ့အသင်းတွေကို နိုင်ဖို့ လိုတယ်လို့ အာနိုးက ပြောကြားခဲ့ပါတယ်။

ကြံ့ခိုင်မှုသာ ပြည့်ဝကောင်းမွန်နေရာ စတားရစ်က ပရီးမီးယားလိဂ် ဘယ်တိုက်စစ်မှူးနဲ့ မဆို ယှဉ်နိုင်တဲ့ အနေအထားရှိတယ်လို့ လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက ချီးကျူးစကားဆိုလိုက်ပါတယ်။ ကွင်းထဲမှာ စတားရစ်ရှိနေရင် ဂိုး အနည်းနဲ့ အများ ရဖို့ သေကို သေချာတယ်လို့ ဖောင်လာက မှတ်ချက်ပေးခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ အဓိက ကစားသမား ဖြစ်နေတဲ့ ဟာဇက်ကတော့ အသင်းနဲ့ ၄င်းအနာဂတ်ကို မေးတိုင်း အသင်းမှာ ဆက်နေလိုကြောင်း စကား မဆိုသေးပါဘူး။ လက်ရှိအချိန်မှာ အသင်းနဲ့အတူ ပျော်ရွှင်နေတယ် ဒါပေမယ့် နောက် ၂ လလောက်နေရင် တစ်ခုခုလည်း ထူးရင်ထူးနိုင်တယ်လို့သာ မတင်မကျ ဖြေကြားထားပါတယ်။

ချယ်ဆီးအသင်းဟာ အမြဲတမ်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်တဲ့အသင်း အဖြစ် ရှိနေကြောင်း ဆောက်သမ်တန်းအသင်း မန်နေဂျာ မာ့ခ် ဟုခ်ျက တနင်္ဂနွေနေ့ ထိပ်တိုက်တွေ့ပွဲ မတိုင်ခင် ချီးကျူးစကား ဆိုထားပါတယ်။

အေစီမီလန်မှာ အငှားသွားရောက် ကစားနေတဲ့ တိုက်စစ်မှူး ဘာကိုယိုကိုဟာ အေစီမှာ ရုန်းကန်နေရကြောင်း အေစီမီလန်အသင်း မန်နေဂျာ ဂတ်တူဆိုက ဆိုလိုက်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ နည်းဗျူဟာတွေကို တိုက်စစ်မှူးက အပြည့်အ၀ နားလည် မလိုက်ပါနိုင်သေးကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ် အသင်း မန်နေဂျာအမ်မရီကတော့ ၈ပွဲ ဆက် နိုင်ပွဲဆက်နေတဲ့အပေါ် အာရုံမထားဘဲ ရှေ့ဆက်ရမယ့် ပွဲတွေအတွက်သာ တွေးထားတယ်လို့ နှိမ်ချပြောဆိုထားပါတယ်။ အာဆင်နယ်အသင်းရဲ့ နိုင်ပွဲဆက် ရလဒ်တွေက ၂၀၁၅ ဧပြီလနောက်ပိုင်း အကောင်းဆုံး အနေအထားနဲ့ ခရီးဆက်နေတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ကာရာဘတ်နဲ့ပွဲမှာ အဖျားရှိနေလို့ မလိုက်ပါနိုင်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်ဟာ ဆောက်သမ်တန်နဲ့ ပွဲစဉ် ပါဝင်ကစားဖို့ ကြံ့ခိုင်မှု အပြည့်ရှိနေကြောင်း သိရပါတယ်။

ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်က အသင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း အသင်းမန်နေဂျာ အမ်မရီက ပြောကြားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမအချက်က အဝေးကွင်းပွဲစဉ် ဖြစ်ပြီး ဒုတိယအချက်ကတော့ ပရီးမီးယားလိဂ် ပွဲတိုင်းဟာ အလွန် အလွန် ခက်ခဲလို့ပါလို့ အမ်မရီက ဆိုပါတယ်။