နေခြည်ဦးဟာဆိုရင် သွက်လက်ပွင့်လင်းတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ အခုဆိုရင်နေခြည်ဦးက သူမရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ ရန်သူ ကားကြီး ရုံတင်ထားပြီဖြစ်သလို နောက်ထပ်ရုပ်ရှင်တွေလည်းဇယ်ဆက်သလိုရိုက်နေရတာဖြစ်လို့ 2019 ကတော့ နေခြည်ဦးရဲ့ နှစ်ပါပဲလို့ကိုပြောရလောက်အောင် နေခြည်ဦးပါဝင်တဲ့ရုပ်ရှင်ကားတွေပလူပျံနေတော့မယ့်နှစ်တစ်နှစ်ပါပဲ။ နေခြည်ဦးက သူမဝါသနာပါတဲ့ သရုပ်ဆောင်နယ်ပယ်မှာတစစနဲ့အောင်မြင်လာခဲ့ပေမယ့် တစ်ဖက်မှာတော့အချိန်မပေးနိုင်တာတွေကြောင့် ချစ်သူနဲ့လမ်းခွဲခဲ့ရတယ်လို့သိရပါတယ်။

နေခြည်က ချစ်သူနဲ့လမ်းမခွဲခင် ခရီးအတူတူသွားလိုက်ကြသေးတာပါ။ ဒါပေမယ့်ခရီးမှာလည်း ညှိနှိုင်းမရခဲ့ပဲ ပြန်ရောက်တာနဲ့ လမ်းခွဲလိုက်ကြပုံပေါ်ပါတယ်။ နေခြည်ဦးကတော့ ချစ်သူနဲ့လမ်းခွဲလည်းအသည်းတွေဘာတွေကွဲနေပုံမရပဲ လုပ်စရာရှိတာတွေ ဇယ်ဆက်သလိုလုပ်ပြီးအမြဲတမ်းလှပနေသလိုပျော်ရွှင်နေပုံလည်းရပါတယ်။ နေခြည်က အင်တာဗျူးတွေမှာ ချစ်သူနဲ့လမ်းခွဲလိုက်ပေမယ့် သူငယ်ချင်းတွေလိုပဲ အဆက်အသွယ်ဆက်ရှိနေတုန်းပါလို့ ဖြေကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် ခရစ်စမတ်မှာတော့ နေခြည်နဲ့ သူ့ချစ်သူဟာ တစ်ယောက်နဲ့တစ်ယောက်ပဋိပက္ခတွေခဝါချပြီး ပြန်လည်လက်တွဲခဲ့ကြပုံပါပဲ။ နေခြည်ဦးက သူမရဲ့ Instagram မှာ ချစ်သူနဲ့ ခရစ်စမတ်ကိုအတူဖြတ်သန်းခဲ့ကြတဲ့ဓာတ်ပုံလေးတင်ထားပါတယ်။

ခရစ်စမတ်ဆိုတာဟာ ချစ်သူတွေကို နီးကပ်စေပြီး မိသားစုတွေကြားချစ်ခြင်းမေတ္တာတွေပိုတိုးစေတဲ့ အချိန်သမယပဲမဟုတ်လား။ ဒါ့အပြင် နေခြည်ဦးနဲ့သူ့ချစ်သူ အောင်နွေဦးတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေပါဆိုတဲ့ အမှတ်အသား relationship တွေကိုပြန်လည်တင်ထားကြတာတွေ့ရပါတယ်။ “ငါနဲ့ စတွဲတုန်းက နင်က မင်းသမီးမဟုတ်သေးဘူး”လို့ပြောခဲ့တယ်ဆိုတဲ့ ချစ်သူဟာလည်း မင်းသမီးတစ်လက်ဖြစ်လာတဲ့ သူချစ်တဲ့ကောင်မလေးကို လက်ခံနားလည်ပေးပြီးဆက်လက်ချစ်နေပုံပါပဲ။