လီဗာပူးလ်အသင်းဟာ တိုက်စစ် ကွင်းလယ် ခံစစ် နေရာစုံက ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့အတူ အန်ဖီးလ်မှာ နယူးကာဆယ်ကို (၄) ဂိုးပြတ် အနိုင်ယူပြီး နှစ်သစ်ကူးချန်ပီယံအဖြစ် ၂၀၁၉ ခုနှစ်ကို မင်္ဂလာရှိရှိနဲ့ နှုတ်ဆက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးကတော့ လက်စတာကို (၂-၁) ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဘုန်းမောက်ကို (၅) ဂိုးပြတ် အနိုင်ရခဲ့တဲ့ စပါးထံ ဒုတိယနေရာကို လွှဲပြောင်းပေးခဲ့ရပြီး တတိယနေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

ဒီပွဲဟာ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်အတွက် ပြိုင်ပွဲစုံ (၁၈၁) ပွဲမှာ ပွဲ (၁၀၀) ပြည့်နိုင်ပွဲ ဖြစ်လာသလို လီဗာပူးလ်ကလည်း စပါးကို (၆) မှတ်အထိ ဖြတ်ထားပြီဖြစ်လို့ ၁၉၈၉-၉၀ ရာသီနောက်ပိုင်း (၂၈) နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ အခြေအနေ ကောင်းလာပါတယ်။

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကတော့ အသင်းဟောင်း လီဗာပူးလ်နဲ့ အန်ဖီးလ်ကွင်း (၄) ကြိမ် တွေ့ဆုံမှုမှာ နိုင်ပွဲမရသေးဘဲ (၂) ပွဲသရေ၊ (၂) ပွဲ ရှုံးထားသလို ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ (၁) ပွဲသာ နိုင်ထားလို့ တန်းဆင်းဇုန်နဲ့ (၅) မှတ်အကွာ အဆင့် (၁၅) မှာ ရပ်တည်နေရတာကြောင့် တန်းမဆင်းရဖို့ ရုန်းကန်ရတော့မှာပါ။ နယူးကာဆယ်ရဲ့အားနည်းချက်က ဂိုးသွင်းမယ့် တိုက်စစ်မှူးကောင်းတွေ လိုအပ်နေတာပဲဖြစ်ပြီး တန်းမဆင်းရဖို့ ကြိုးစားရတော့မယ်လို့ ဌက်ကျားတွေရဲ့ ပဲ့ကိုင်ရှင် ဘင်နီတက်ဇ်ကလည်း ဝန်ခံခဲ့ပါတယ်။

လီဗာပူးလ်ဟာ နယူးကာဆယ်ရဲ့ အထနှေးမှုကို အခွင့်ကောင်းယူပြီး ပွဲအစကတည်းက ဖိကစားနိုင်ခဲ့ကာ ပွဲအစ (၁၁) မိနစ်မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ နယူးကာဆယ်နောက်ခံလူတစ်ဦး ခေါင်းတိုက်ရှင်းထုတ်တာကနေ ပြန်ကျလာတာကို နောက်ခံလူ လိုဗရန်က ဂိုးဧရိယာထဲကနေ ညာခြေနဲ့ အပြင်းကန်သွင်းခဲ့တာပါ။ ဒုတိယပိုင်းပွဲအစ (၂) မိနစ်မှာ ဆာလက် ဆွဲယူလာတာကို နယူးကာဆယ်နောက်ခံလူ ဒမ်မက် ဆွဲလှဲခဲ့လို့ လီဗာပူးလ်တို့ ပင်နယ်တီရခဲ့ပြီး ဒါကို ဆာလက်က ဂိုးသမား ဒူဘရာကာရဲ့ ညာဘက်ထောင့်ထဲကန်ကာ ဒုတိယဂိုး သွင်းခဲ့ပါတယ်။ ဒါဟာ ဆာလက်အတွက် ပရီးမီးယားလိဂ် အိမ်ကွင်း (၂၈) ပွဲမှာ (၃၅) ဂိုး ပါဝင်ပတ်သက်မှု ဖြစ်လာခဲ့ပြီး (၂၅) ဂိုး သွင်းကာ (၁၀) ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။

နယူးကာဆယ်ဟာ ပထမပိုင်းထက်စာရင် ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပေမယ့် ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူးလ် နောက်တန်းကိုတော့ ထိရောက်တဲ့ ခြိမ်းခြောက်မှုမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။ (၇၉) မိနစ်မှာ အာနိုး ဂိုးဧရိယာညာခြမ်းကနေ ဂိုးရှေ့ ဖြတ်တင်ပေးတာကို ရှာကွီရီက ဘယ်ခြေနဲ့အနီးကပ်ပိတ်ကာ တတိယဂိုးသွင်းယူခဲ့ပြီး ပွဲပြီးဖို့ (၅) မိနစ်အလိုမှာ ရှာကွီရီ တင်ပေးတဲ့ထောင့်ကန်ဘောကနေ ကွင်းလယ်လူ ဖာဘင်ညိုက ခေါင်းတိုက်ကာ ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပွဲစဉ် (၁၉) အပြီးမှာ (၁၆) ပွဲနိုင်၊ (၃) ပွဲသရေနဲ့ ရှုံးပွဲမရှိသေးပါဘူး။ ဒီလိုမျိုး ပွဲစဉ် (၁၉) အပြီး ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်တာက ပရီးမီးယားလိဂ်သမိုင်းမှာ (၃) သင်းသာ ရှိသေးပြီး အာဆင်နယ် (၂၀၀၃-၀၄)၊ မန်ယူ (၂၀၁၀-၁၁)၊ မန်စီးတီး (၂၀၁၇-၁၈) တို့ပါ။

ဒါကြောင့် ကြိုးကြာနီတွေဟာ ပွဲစဉ် (၁၉) အပြီး ရှုံးပွဲမရှိ ကစားနိုင်တဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ်ကလပ်အသင်း ဖြစ်လာခဲ့ပြီး ဒီဇင်ဘာလအတွင်းကစားခဲ့တဲ့ ပွဲ (၂၀) ဆက် ရှုံးပွဲမရှိသေးပါဘူး။ နယူးကာဆယ်အတွက်ကတော့ ၁၉၈၇ ဒီဇင်ဘာလတုန်းက အန်ဖီးလ်မှာ (၄-၀) ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း (၃၁) နှစ်အတွင်း အကြီးမားဆုံး အန်ဖီးလ်လိဂ်ရှုံးပွဲ ဖြစ်လာပါတယ်။