ဘီဘီစီမှ လော်ရိုးရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေး လိုက်ပါတယ်။

ဘရိုက်တန် Vs အဲဗာတန်/ (ဒီဇင်ဘာ ၂၉၊ စနေနေ့ ည ၉း၃၀ နာရီ)

နှစ်သင်းလုံးက ယခင်ပွဲ ပုံစံကောင်းနဲ့ လာကြမယ့် အသင်းတွေပါ။ ဘရိုက်တန်ကလည်း အာဆင်နယ်ကို သရေကန်ထားသလို အဲဗာန်တန်ကလည်း ဘန်လေကို ဂိုးပြတ်နိုင်ထားတာပါ။ စင်ရော်တွေ (ဘရိုက်တန်)က အိမ်ကွင်းမှာ ရလဒ်ကောင်းယူတာ သိပ်အရှိန်ရနေပေမယ့် ဒီတကြိမ်မှာတော့ နည်းနည်း ခြားနားမယ်ထင်တယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 1-2 အဲဗာတန်

ဖူလ်ဟမ် Vs ဟက်ဒါဖီး/ (ဒီဇင်ဘာ ၂၉၊ စနေနေ့ ည ၉း၃၀ နာရီ)

ဒီအောက်ဆုံးနှစ်သင်းက ပြီးခဲ့တဲ့ ကြားရက်ပွဲစဉ်ကြောင့်ပဲ နေရာချင်းလဲထားကြတာပါ။ ဖူလ်ဟမ်က နည်းပြ ရေနီရာရီ အတွက် ပထမဆုံးနိုင်ပွဲ ယူနိုင်ဖို့ ကြိုးစားဆဲဖြစ်ပြီး ၇ပွဲ ကြာခဲ့ပေမယ့် ပရိသတ်တွေက သူ့ဘက်မှာပဲ ရှိနေဆဲပါ။ ဟက်ဒါဖီးဘက်မှာလည်း နည်းပြ ဒေးဗစ်ဝဂ်နာက ၄င်းအသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ကြိုးစားဆဲဖြစ်ပြီး အခွင့်ရေးကောင်းတွေ ဖန်တီးနိုင်ပေမယ့် ပြီးခဲ့တဲ့ အပတ်မှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရတာပါ။

ဒီနှစ်သင်းထဲက တစ်သင်းကိုသာ ရွေးရမယ်ဆိုရင် ဖူလ်ဟမ်ကတော့ ဒီပွဲမှာ အခက်ခဲကြားက ရုန်းထွက်နိုင်တော့မယ် ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 2-0 ဟက်ဒါဖီး

လက်စတာ Vs ကားဒစ်ဖ်/ (ဒီဇင်ဘာ ၂၉၊ စနေနေ့ ည ၉း၃၀ နာရီ)

လက်စတာက ဒီပွဲကြပ်ကာလမှာ ခြေစွမ်းအထူးပြနေတာပါ။ ချယ်ဆီးကို အနိုင်ယူတယ် မန်စီးတီးကို ခြေမှုန်းခဲ့တယ်။ မြေခွေးတွေရဲ့ အရှိန်ကို ကားဒစ်ဖ် ချိုးဖျက်နိုင်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ပွဲမှာ ကားဒစ်ဖ် ပဲလေ့စ်ဆီက တစ်မှတ် ကံကာင်းလို့သာ ရခဲ့တာပါ။ သူတို့ရဲ့ အဝေးကွင်းမှတ်တမ်းက ဆိုးဝါးဆဲ ဖြစ်ပြီး ဒီရာသီ အဝေးကွင်းပွဲစဉ် ၉ပွဲက ၂မှတ်သာ ရထားပြီး ၅ဂိုး သာသွင်းထားနိုင်ပါတယ်။ လက်စတာကို ကားဒစ် ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လက်စတာ 2-0 ကားဒစ်ဖ်

စပါး Vs ၀ုဗ်/ (ဒီဇင်ဘာ ၂၉၊ စနေနေ့ ည ၉း၃၀ နာရီ)

တော့တင်ဟမ်က ဒီအချိန် ခြေစွမ်းသိပ်ဟုတ်နေတာပါ။ ဂိုးတွေလည်း မြူးနေသလို ကစားပုံလည်း လန်းနေပါတယ်။ ပိုချက်တီနိုကတော့ ဗိုလ်စွဲဖို့ဆို အသင်းမှာ လုပ်စရာ အများကြီး ကျန်သေးတယ်လို့ ပြောထားပါတယ်။ ၀ုဗ်ကလည်း ဒီပွဲမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ရင် အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စပါးရဲ့ အရှိန်ကိုတော့ ရပ်တန့်နိုင်ဖွယ် မမြင်ဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ စပါး 2-0 ၀ုဗ်

ဝက်ဖို့ Vs နယူးကာဆယ်/ (ဒီဇင်ဘာ ၂၉၊ စနေနေ့ ည ၉း၃၀ နာရီ)

နယူးကာဆယ်က ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ သူတို့မန်နေဂျာ ဘင်နီတက်ဇ်က ရှုံးပွဲ တစ်ပွဲပြီးရင် အသင်းကို ပြိုင်ဘက်တွေ ပို ရင်ဆိုင်ရခက်အောင် မြှင့်တင်ပေးတတ်ပါတယ်။ သူတို့ ၀က်ဖို့စ်ကို နှုတ်ပိတ်ပစ်ဖို့ ကြိုးစားမှာပဲ.. ဒါပေမယ့် ဖြစ်လာမယ်တော့ ကျနော် မထင်ဘူး။ ၀က်ဖို့က ခြေစွမ်း မတည်ငြိမ်ဘူး ဒါပေမယ့် သူတို့မှာ ရင်ခုန်အောင် လုပ်နိုင်တဲ့ တိုက်စစ်သမားတွေ ရှိတယ် ဂိုးတွေလည်း သွင်းထားတယ်။ သူတို့သာ ကောင်းကောင်း ကစားနိုင်ရင် အိမ်ရှင် အနိုင်ပါပဲ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ၀က်ဖို့ 2-1 နယူးကာဆယ်

လီဗာပူး Vs အာဆင်နယ်/ (ဒီဇင်ဘာ ၃၀၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

လီဗာပူးကို ကျော်ဖြတ်နိုင်မယ့် အသင်း ဒီမှာတော့ ကျနော် မမြင်မိဘူး။ သူတို့ ကစားတာ သိပ်ကောင်းနေတယ်။ အာဆင်နယ်ထက်တောင် ဘောလုံး ကိုင်ပြီး ကစားသွားလိမ့်ဦးမယ် ကျနော် ထင်တယ်။ ဂန်းနားတွေနဲ့ ရင်ဆိုင်ရတဲ့ အသင်းတိုင်းက အခွင့်အရေးတွေ ဖန်တီးနိုင်ကြတယ်။

ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုးပဲ ပေးထားရတဲ့ လီဗာပူး ခံစစ်က သိပ်ကျစ်လျစ်နေပါတယ်။ လူတွေက လီဗာပူးအသင်းသားတိုင်း ဘောလုံးမရှိလဲ ဘယ်လို ရွေ့လျား လှုပ်ရှားနေတယ်ဆိုတာ သတိမပြုမိကြဘူးထင်တယ်။ ဒါကပဲ သူတို့ အောင်မြင်မှုတွေထဲ အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ လီဗာပူးအသင်းက သိပ်ကောင်းတဲ့ အသင်း ဖြစ်သလို သိပ်ကောင်းတဲ့ အချိန်မှာပါ ရှိနေတာပါ။ ဒီလို ပြောလို့ အခုကော ရာသီကုန်ထိကော သူတို့ နေ့ရက်ဆိုးတွေ မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒါပေမယ့် လောလောဆယ် သူတို့ကို ရပ်တန့်ဖို့ အလွန် အလွန် ခက်ပါတယ်။

လီဗာပူး အာဆင်နယ်ကို ဂိုးသွင်းမလားဆို Yes ပါ။ အာဆင်နယ် အန်းဖီးလ်မှာ ဂိုးသွင်းနိုင်မလားဆိုရင်တော့ ကျနော့် အဖြေက No။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 အာဆင်နယ်

ခရစ္စတယ်ပဲလေ့စ် Vs ချယ်ဆီး/ (ဒီဇင်ဘာ ၃၀၊ တနင်္ဂနွေနေ့ ည ၆း၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်ရဲ့ ပြဿနာက အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တာတောင်မှ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တာပဲ။ ချယ်ဆီးကိုတော့ သူတို့ ဂိုးသွင်းဖို့ များများ စားစး လှုပ်ရှားနိုင်ဖွယ် မရှိပါဘူး။ ချယ်ဆီးက လက်စတာကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရှုံးနိမ့်ခဲ့ပေမယ့် ဆာရီက ဒါမျိုး ခဏခဏ အဖြစ်ခံမှာ မဟုတ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 0-2 ချယ်ဆီး

ဘန်လေ Vs ၀က်စ်ဟမ်း/ (ဒီဇင်ဘာ ၃၀၊ တနင်္ဂနွေနေ့ ည ၈း၄၅ နာရီ)

ဝက်စ်ဟမ်းမှာ ဒဏ်ရာ ပြဿနာ အများအပြား ရှိနေပြီး သူတို့ ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေတာပါ။ ဘန်လေကတော့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန်ကို ၅-၁ နဲ့ ရှုံးထားတာဖြစ်လို့ ဒီ ရှုံးပွဲကြီးကနေ ပြန်လည် ရုန်းထနိုင်ဖို့ လိုနေကြောင်း နည်းပြ Sean Dyche က ပြောကြားထားပါတယ်။ ဒီပွဲမှာတော့ ရင်ဆိုင်တိုက်ခိုက်ဖို့ တစ်ခုခု လုပ်ပြနိုင်ဖို့ လိုနေပါတယ်။

ဘန်လေမှာလည်း ဘယ်သူ ရှေ့တက် ကစား ကစား သူတို့ တိုက်စစ်မှူးတွေ အကုန်လုံးကလည်း ပိန်မသာ လိမ်မသာ ရှိနေတာ ခက်ပါတယ်။ ဂိုးသွင်းနိုင်မယ့်သူ များများစားစား မရှိပါဘူး။ ဒါပေမယ့်လည်း ကျနော်ကတော့ ဘန်လေဘက်က ရှိချင်ပါတယ်။ သူတို့ ရလဒ်ကောင်း ယူနိုင်လိမ့်မယ် ထင်ထားတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘန်လေ 2-0 ၀က်စ်ဟမ်း

ဆောက်သမ်တန် Vs မန်စီးတီး/ (ဒီဇင်ဘာ ၃၀၊ တနင်္ဂနွေနေ့ ည ၈း၄၅ နာရီ)

မန်စီးတီးအနေနဲ့ နောက်ပွဲမှာ လီဗာပူးနဲ့ တွေ့ရမှာ မေ့ထားပြီး ဒီပွဲကို အကောင်းဆုံး ကစားဖို့ နိုင်ပွဲတွေ ဆက်ခဲ့တဲ့ နေ့ရက်တွေဆီ ပြန်ဦးတည်နိုင်ဖို့ လိုနေပါပြီ။ ရှုံးပွဲ ၂ပွဲဆက် တွေ့ထားပေမယ့် အဲဒီပွဲမှာ စီးတီး အဓိက ကစားသမားတွေ မပါဝင်နိုင်ခဲ့ပါဘူး။ ဂွာဒီယိုလာက သူအားထားရတဲ့ ကစားသမားတွေ ပြန်သုံးလို့ ရနေပါပြီ။ စိန့်တွေ အနေနဲ့ စီးတီးကို ဖက်ပြိုင် တိုက်ခိုက်နိုင်မလား စိတ်ဝင်စားစရာပါ.. ဒါပေမယ့် ကျော်ဖြတ်နိုင်စရာ မမြင်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 0-3 မန်စီးတီး

မန်ယူနိုက်တက် Vs ဘုန်းမောက်/ (ဒီဇင်ဘာ ၃၀၊ တနင်္ဂနွေနေ့ ည ၁၁း၀၀ နာရီ)

နည်းပြသစ်နဲ့ နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း အကောင်းဆုံးပုံစံတွေ ပြသနေပါပြီ။ ဒါပေမယ့် ကျနော်ကတော့ သူတို့ အဆင့် ၄ အတွင်း ၀င်ဖို့ ခက်ခဲဦးမယ် ထင်နေဆဲပါ။ ယူနိုက်တက် လူစာရင်းမှာ အရည်အချင်းရှိ ကစားသမားတွေ အများအပြား ရှိနေပြီး ဖြစ်တာကြောင့် ဆိုးရှား တာဝန်ယူလိုက်တာနဲ့ တိုးတက်မှု ပြသလာတာပါ။ ယူနိုက်တက်က နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲ ရှုံးထားတဲ့ ဘုန်းမောက်ကိုလည်း အနိုင်ယူဦးမှာပါပဲ။ ဒိထက် ခက်ခဲတဲ့ အရည်အချင်းစစ်ပွဲတွေက ၀င်ဘာလေမှာ ဇန်န၀ါရီလထဲ စပါးကို ရင်ဆိုင်ရတဲ့ ပွဲမှ စမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 2-0 ဘုန်းမောက်