ဒီနွေမှာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးသား တိုက်စစ်သမား ကော်တင်ညိုကတော့ သူ ကိုယ်တိုင်လည်း အနာဂတ်နဲ့ ပတ်သတ်ပြီး သေချာမသိသေးဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် လီဗာပူးကနေ ဘာစီလိုနာအသင်းထံ ဇန်နဝါရီ ၂၀၁၈ မှာ ပေါင်သန်း ၁၄၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ညို ဟာ ဘာစီလိုနာ မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ပွဲထွက်ခွင့် နည်းပါးလာခဲ့ပြီး ဘာစီလိုနာက ရောင်းချတော့မယ် သတင်းထွက်ပေါ်နေပါတယ်။

ကော်တင်ညိုကို ခေါ်ယူဖို့ ချယ်ဆီး ၊ မန်ယူနဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေတာပါ။ ချယ်ဆီးက အပြောင်းအရွှေ့ ပိတ်ခံထားရပြီး မန်ယူကလည်း ကလပ်အသင်းဟောင်း လီဗာပူးရဲ့ ခါးသီးပြိုင်ဘက် ဖြစ်နေတာကြောင့် ကော်တင်ညို မပြောင်းရွှေ့လိုပါဘူး။ ဒါကြောင့် ပီအက်စ်ဂျီက ကော်တင်ညို ကို ခေါ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့ပြီး အခု နောက်ဆုံးရ သတင်းများမှာတော့ အာဆင်နယ်အသင်းထံ ရောက်ရှိဖို့လည်း နီးစပ်လာတယ်လို့ သိရပါတယ်။

ကော်တင်ညို ကတော့ သူ ရုန်းကန်ခဲ့ရတာကို ဝန်ခံခဲ့သလို အနာဂတ်နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်တောင် သေချာမသိသေးဘူးလို့ ဆိုခဲ့ပါတယ်။

ကော်တင်ညို က – ” ကျွန်တော့်မှာ ဘာစီလိုနာနဲ့ စာချုပ်ရှိပါသေးတယ်။ ကျွန်တော့် ရည်မှန်းချက်က ဒီအသင်းနဲ့အတူ အောင်မြင်မှုရဖို့ပါ။ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာဖြစ်လာမလဲဆိုတာကတော့ မသိသေးပါဘူး။ သတင်းတွေမှာကတော့ မျိုးစုံပြောနေတာပါ။ ဒါပေမယ့် အနာဂတ်က ပြောလို့ရတဲ့ အရာမဟုတ်ပါဘူး။”

” ပြီးခဲ့တဲ့ရာသီကတော့ သိပ်မကောင်းပါဘူး။ ကျွန်တော် ဆန္ဒရှိသလောက် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ကို ဥပမာကောင်းတစ်ခု ဖြစ်စေမှာပါ။ အောင်မြင်မှုရဖို့အတွက် ဘယ်အရာတွေအပေါ် အာရုံစိုက်ရမယ်၊ ဘယ်လို ကိစ္စတွေအပေါ် ကြိုးစားရမယ် အစရှိသဖြင့်ပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ပွဲမှာတော့ အာဆင်နယ်ဘက်က ဆန်လီဟီးနဲ့ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူတို့ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကော်တင်ညို ကိစ္စ ဆွေးနွေးဖို့လုပ်ဆောင်နေကြတာလို့ သတင်းတွေက ဆိုလာခဲ့ပြီး လန်ဒန်ကလပ်ဆီ ရောက်ဖို့ ပိုမို ရေပန်းစားလာခဲ့ပါတယ်။

သတင်းတွေ အရတော့ အာဆင်နယ်ဟာ ကော်တင်ညို အတွက် ပေါင်သန်း ၂၀ ကျော်နဲ့ တစ်ရာသီ အငှား ကမ်းလှမ်းခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့်လည်း ပါမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးမှုက တိုးတက်နေတယ် ယူဆရပြီး ကော်တင်ညို တစ်ယောက် အာဆင်နယ်ဆီ ရောက်လာမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။