ယူနိုက်တက်ရဲ့ ရာသီကြိုပွဲမှာ ပွဲအများဆုံး ပါဝင်ကစားထားရတဲ့ ကစားသမား သုံးဦးထဲက တစ်ဦးဖြစ်သူ ဒန်နီရယ်ဂျိမ်းက ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပဲဆိုတဲ့ စိန်ခေါ်စကားကို ကြွေးကြော်လိုက်ပါတယ်။

ယူနိုက်တက်ဟာ ရာသီသစ်အတွက် ကစားသမားသစ်တွေအဖြစ် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်း၊ ညာအစွန်လူ ဘစ်ဆာကာနဲ့ ဗဟိုခံစစ်မှူး မက်ဂွဲရားတို့ကို ခေါ်ယူထားပါတယ်။ မက်ဂွဲရားကတော့ ဒီအပတ်ထဲမှာ တရားဝင် ကြေညာမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သြစတြေးလျကလပ်နဲ့ ရာသီကြို ပထမဆုံး ခြေစမ်းပွဲကို ၂ ဂိုးဂိုးမရှိ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲအဖြစ် လိဒ်ယူနိုက်တက်ကို ၄ ဂိုးပြတ်၊ စင်ကာပူမှာ အင်တာမီလန်ကို ၁ ဂိုး ဂိုးမရှိ၊ တရုတ်မှာ စပါးကိုး ၂-၁ ဂိုး၊ နော်ဝေကလပ်ကို ၁-၀ ဂိုး၊ အေစီမီလန်ကို ပွဲချိန်အတွင်း ၂- ဂိုး သရေကျပြီး ပင်နယ်တီမှာ အနိုင်ရခဲ့တာပါ။

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲအဖြစ် ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ဟာ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရာသီကြိုမှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းက ပြောဆိုလာပါတယ်။

ဒန်နီရယ်ဂျိမ်းက ” အေစီမီလန်နဲ့ ခြေစမ်းပွဲမှာ ကျနော်တို့ အကောင်းဆုံးကစားခဲ့တယ်။ အကောင်းဆုံးလည်း ကစားနိုင်ခဲ့တယ်။ ရာသီအဖွင့်ပွဲဖြစ်တဲ့ ချယ်ဆီးပွဲက နောက်ထပ် စမ်းသပ်မှုတစ်ခုပါပဲ။ ရာသီကြိုမှာ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ် ၆ ပွဲလုံးကို နိုင်ပွဲရပြီး ကျနော်တို့တွေ ဘာလုပ်နိုင်သလဲဆိုတာ ပြထားတယ်။ ချယ်ဆီးပွဲအတွက် အဆင်သင့်ပါပဲ ” လို့ သတိပေးလိုက်ပါတယ်။ မန်ယူဟာ မနှစ်က အိမ်ကွင်းမှာ ချယ်ဆီးနဲ့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။