UEFA ရဲ့ ၂၀၁၈ အတွင်း ဥရောပ ပြိုင်ပွဲတွေမှာ သွင်းဂိုးအများဆုံး ဆု အတွက် ချယ်ဆီး လူငယ်ကစားသမား Daishawn Reda က ဂုဏ်ယူဖွယ် ရရှိသွားပါတယ်။ အဆိုပါဆုကို ပြီးခဲ့တဲ့ ၅ နှစ်လုံး ခရစ္စတီယာနို ရိုနယ်ဒိုက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ Reda က UEFA လူငယ်ပြိုင်ပွဲမှာ ချယ်ဆီးအသင်းနဲ့အတူ ယှဉ်ပြိုင်ပြီး ၁၉ ဂိုး သွင်းယူထားတာပါ။

အီတလီသတင်းဌာနများ အဆိုအရ ဟီဂူအင်ဟာ ချယ်ဆီးအသင်းဆီ သွားဖို့ သဘောတူညီမှု ရပြီးပြီ ဖော်ပြနေကြပေမယ့် အေစီမီလန် အသင်း အားကစား ဒါရိုက်တာ လီယိုနာဒိုကတော့ ဟီဂူအင်အတွက် ချယ်ဆီးထံမှ ဆက်သွယ်ကမ်းလှမ်းမှု တစ်စုံတစ်ရာတောင်မှ မရထားသေးဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရာသီကုန်မှသာ ၄င်း အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဟာဇက်က ပြောကြားထားပေမယ့် ချယ်ဆီးနည်းပြ ဆာရီက အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ ဟာဇက်ကို တိုက်တွန်းလိုက်ပါတယ်။ ဆာရီက အသင်းအနာဂတ်ကို အစီအစဉ်ချမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဟာဇက်ကို သတိပေး စကား ဆိုခဲ့ပါတယ်။

ရမ်ဆေးနေရာ အစားထိုးဖို့ အမ်မရီ ပစ်မှတ်ထားနေတဲ့ ဒီပို့တီပို့အသင်းမှ ကွင်းလယ်ကစားသမား Ever Banega ရဲ့ အေးဂျင့်ဟာ လန်ဒန်မှာ ရောက်ရှိနေကြောင်း သတင်းများမှာ တွေ့ရပါတယ်။ အသက် ၃၀ ရှိပြီ ဖြစ်တဲ့ အာဂျင်တိုင်းသားကြီးကို ၄င်းစာချုပ်အရ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀/ ပေါင် ၁၈သန်းလောက် နဲ့ ခေါ်ယူနိုင်မှာပါ။

အာဆင်နယ် ကစားသမားဟောင်းကြီး ပီတစ်က အိုဇေးလ်ရဲ့ ပုံစံကောင်း ပျောက်ဆုံးနေမှုအပေါ် ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။ သူဟာ အိုဇေးလ် ပရိသတ်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂နှစ်လုံး အိုဇေးလ်ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ဘဲ ကွင်းထဲမှာ ၀ိဥာဉ်တစ်ကောင်လို ပျောက်ဆုံးနေခဲ့တယ်လို့ ပီတစ်က ထောက်ပြသွားခဲ့တာပါ။ အိုဇေးလ်ဟာ ကွင်းထဲမှာ ကစားလိုတဲ့ အာသီသတွေ ပျောက်ဆုံးနေတယ်လို့ ထင်ကြောင်း ၄င်းက ဆိုပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ ပီအက်စ်ဂျီမှာ ရှိစဉ်တုန်းက လက်ရှိ လီဗာပူးတိုက်စစ်မှူး ထိုစဉ်က ရိုးမားအသင်းမှာ ရှိနေတဲ့ ဆာလက်ကို ခေါ်ယူနိုင်ခွင့် ရှိခဲ့ပေမယ့် ကစားသမားရဲ့ အရည်အချင်းကို သံသယရှိခဲ့တာကြောင့် မခေါ်ဖြစ်ခဲ့ကြောင်း ၀န်ခံစကား ဆိုသွားပါတယ်။ ဆာလက်ဟာ ယခင် ချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ရှိစဉ်ကလည်း ခြေစွမ်းပြခွင့်မရခဲ့ဘဲ ကလော့ပ်ရဲ့ လီဗာပူးအသင်းမှာမှ ခြေစွမ်း အထူးတောက်ပလာတာ ဖြစ်ပါတယ်။

လူငယ်တွေကို အခွင့်အရေးပေးလိုတဲ့ ဆိုးရှားဟာ ဘုန်းမောက်နဲ့ ပွဲကြို ထရိန်နင်မှာ လူငယ် ကစားသမားလေး ၃ ယောက်ကို အတူ ပါဝင်စေခဲ့ပါတယ်။ ထို ၃ ယောက်ကတော့ Mancunian Williams၊ Londoner Buffonge နဲ့ Angel Gomes တို့ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဘက်က အမြဲတမ်း မန်နေဂျာအဖြစ် ရာသီကုန်မှာ ခန့်အပ်လိုနေသော်လည်း ဂျူဗင်တပ်အသင်း မန်နေဂျာ အီတလီသား Allegri က လက်ရှိ ကလပ်အသင်းမှာပဲ ပျော်ရွှင်နေကြောင်းနဲ့ တခြားအသင်းများက ခေါ်ယူဖို့ စိတ်ဝင်တစား ရှိနေတာအတွက်လည်း ကျေနပ်ကြောင်း ပြောကြားထားပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ၄င်းရဲ့ နည်းပြအဖွဲ့ထဲကို အဖွဲ့ဝင်သစ်တစ်ယောက် ထပ်မံခန့်အပ်လိုက်ပါတယ်။ သူကတော့ ယူနိုက်တက် လူငယ်နည်းပြဟောင်း ဒမ့်ဆေး ဖြစ်ပါတယ်။

၎င်းနဲ့ ပတ်သတ်ပြီး မိုရီနို ပြောခဲ့တဲ့ မှတ်ချက်တွေကို ကလော့ပ်က အံ့အားသင့်နေပြီး စပိန်သတင်းဌာနတွေက ဖွတယ်လို့ ယူဆနေပါတယ်။ ကစားသမား တစ်ယောက်ယောက် ၄င်းနဲ့ ပတ်သတ်ပြီး မကျေလည်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောဖို့ လမ်းဖွင့်ထားသော်လည်း မိုရီနိုက တစ်ခွန်းမှ မဆိုခဲ့တဲ့ အပြင် လေ့ကျင့်ရေးမှာလည်း ကောင်းမွန်စွာ ပူးပေါင်း ပါဝင်နေတယ်လို့ ကလော့ပ်က အာဆင်နယ်နဲ့ပွဲကြိုမှာ ဖြေကြားခဲ့ပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားကြီး ဂျိမ်းစ်မေနာက ကြွက်သားဒဏ်ရာ ရှိနေတဲ့အတွက် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် နောက်ထပ် ရက်ပိုင်းအကြာ မန်စီးတီးနဲ့ပွဲအမှီတော့ ပြန်လည် ကစားနိုင်မှာ ဖြစ်ပါတယ်။

ဒူးဒဏ်ရာကြောင့် ၂၀၁၈-၁၉ ဘောလုံးရာသီတစ်ခုလုံး လွဲချော်ပြီလို့ အစောပိုင်းက သိထားခဲ့တဲ့ လီဗာပူးကွင်းလယ် ချိန်ဘာလိန်ရဲ့ ဒဏ်ရာက သက်သာကောင်းမွန်နေပြီဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာ အသင်းနဲ့အတူ လေ့ကျင့်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ကာ မတ်လထဲမှာ ပြန်လည် ပါဝင်ကစားနိုင်ဖွယ် ရှိကြောင်း ကလော့ပ်က ပြောကြားသွားပါတယ်။

မန်စီးတီးအသင်းဟာ ရှုံးပွဲတွေ တွေ့ပြီးရင် ပိုကြောက်စရာကောင်းတဲ့ အသင်းဖြစ်လာလို့ စိန့်အသင်းသားတွေနဲ့ ရဲရင့်စွာ ရင်ဆိုင်ကစားရမှာ ဖြစ်တယ်လို့ ဆောက်သမ်တန်အသင်း မန်နေဂျာ Ralph Hasenhuttl က ပြောကြားလိုက်ပါတယ်။ မန်စီးတီးလို အသင်းအတွက် နှစ်ပွဲဆက် ရှုံးတယ်ဆိုတာ ဖြစ်နေကျ အခြေအနေ မဟုတ်ဘူးလို့ ၄င်းက ဆိုပါသေးတယ်။

ဘင်ဖီကာ ကွင်းလယ်ကစားသမား Tiago Dantas ဟာ မန်စီးတီးနဲ့ အပြောင်းအရွှေ့ ကိစ္စများ အပြီးသတ်ဖို့ အင်္ဂလန်သို့ ထွက်ခွာလာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ခရစ္စမတ်အကြိုနေ့ကမှ ၁၈ နှစ် ပြည့်သွားတဲ့ ပေါ်တူဂီလူငယ်စတားလေးဟာ လက်ရှိကလပ် ဘင်ဖီကာနဲ့ ရာသီကုန်မှာပဲ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လူငယ်ကစားသမား ဘရာဟင်း ဒိုင်ယာ့ဇ်ကို ရောင်းချမှုအတွက် ရီးရဲလ် မက်ဒရစ်ထံမှ ပေါင် ၁၅သန်းထက် ပိုရမယ် မျှော်လင့်နေပါတယ်။ ရီးရဲလ်မှာ ဒိုင်ယာ့ဇ်ဟာ တစ်ပတ် လုပ်ခ ပေါင် ၆သောင်း ရရှိမှာဖြစ်ပြီး သဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

စပါးတိုက်စစ်မှူး ဆွန်က ၄င်းတို့ အသင်းဟာ အမှတ်ပေးဖလား ဗိုလ်စွဲဖို့ လျှော့တွက်ခြင်း ခံထားရတဲ့ အောက်အသင်းအဖြစ် ရှိနေတာကို ကျေနပ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ လီဗာပူး၊ မန်စီးတီးတို့ကဲ့သို့ အာရုံစိုက် မခံရတဲ့အတွက် ဖိအားလည်း မရှိတာကို ဆွန်က သဘောကျနေတာပါ။

ပိုချက်တီနိုဟာ ဇန်န၀ါရီမှာ ကွာလတီ ကစားသမားကောင်းတွေ ခေါ်ယူလိုနေပေမယ့် ထိုအတွက် အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့ လိုကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စပါးအသင်းရဲ့ လူငယ်ခံစစ်မှူး Davinson Sanchez ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ကိုလံဘီယာသား အသက် ၂၂ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ မြောက်လန်ဒန်အသင်းအတွက် ခံစစ်မှာ အန်ဒါဝီရယ်၊ ဗာတွန်ဂန်တို့နဲ့ တွဲဖက်ကစားခွင့် ရနေပါတယ်။ စပိန်ဘက်က သတင်းများအရ ရီးရဲလ်က Sanchez အတွက် ယူရို ၆၅ သန်းလောက် သုံးဖို့ ရည်ရွယ်ထားပါတယ်။