ပရီးမီးယားလိဂ်ဟာ ရာသီဝက်ကာလကို ကျော်လွန်ခဲ့ပါပြီ။ 2018-2019 ဘောလုံးရာသီ ရာသီဝက်အတွက် အကောင်းဆုံး ပွဲထွက်ကစားသမား 11 ဦးကို Goal က ရွေးထုတ်ထားတာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အယ်လစ်ဆန် (လီဗာပူး)

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ သြဇာအရှိဆုံး ဂိုးသမားပါ။ ပရီးမီးယားလိဂ်သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံးတွေထဲ ပါဝင်သူဖြစ်ပြီး ပေးရတာနဲ့ ထိုက်တန်စွာပဲ လီဗာပူးအတွက် အကျိုးဖြစ်ထွန်းကာ အမှတ်ပေးဇယား ထိပ်ဆုံးရောက်မှုမှာ အဓိကကျသူ တစ်ဦးအဖြစ်လည်း ပါဝင်လာခဲ့တယ်။

ကြီတာ (ခ်ယ္ဆီး)

မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူ့ရဲ့ ထူးချွန်တဲ့ အရည်အချင်းတွေကို ပြသခဲ့တယ်။ မန်နေဂျာဆာရီလက်ထက် အရေးပါတဲ့ ညာအစွန်လူ ဖြစ်တဲ့ ကွီတာဟာ ပရီးမီးယားလိဂ်မှာ မိနစ်တိုင်း ပွဲထွက်ထားရတဲ့ ကစားသမား 10 ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ဗန်ဒိုက် (လီဗာပူး)

မနှစ်တုန်းကတော့ ယာဂင်ကလော့ပ်ရဲ့ စံချိန်တင် လက်မှတ်ထိုးမှုက ဝေဖန်ခံခဲ့ရတယ်။ ဒီရာသီမှာတော့ ကမ္ဘာဈေးအကြီးဆုံး ခံစစ်သမားဟာ ကမ္ဘာအကောင်းဆုံး ခံစစ်သမားအဖြစ် ချီးကျူးခံနေရပါတယ်။ လီဗာပူးအပေါ် ဗန်ဒိုက်ရဲ့ သြဇာသက်ရောက်မှုက လိဂ်ရဲ့ထိပ်ဆုံးကိုတောင် ရောက်လာစေခဲ့ပါတယ်။

လာပေါ်တေး (မန်စီးတီး)

ဗန်ဒိုက်လိုပဲ လာပေါ်တေးကလည်း စောင့်ကြည့်ခြင်းတွေ ခံထားရတဲ့ ခံစစ်သမားပါ။ ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ကို စတင် အခြေချလာတဲ့ ပြင်သစ်သားဟာ မန်နေဂျာ ဂွာဒီယိုလာရဲ့ ခံစစ်နှလုံးသားလည်း ဖြစ်လာနေပါတယ်။

ရော်ဘတ်ဆန် (လီဗာပူး)

လီဗာပူး အပြောင်းအရွှေ့ လှုပ်ရှားမှုတွေထဲ သြချရလောက်အောင် အကျိုးရှိတဲ့ ခေါ်ယူမှုပါ။ တန်းဆင်းသွားတဲ့ ဟူးစီးတီးကနေ ပေါင် 8 သန်းပဲ ပေးခဲ့ရတဲ့ ရော်ဘတ်ဆန်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်အစွန်လူဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။

တော်ရဲယား (အာဆင်နယ်)

အမ်မရီ ခေါ်ယူလာခဲ့တဲ့ ဥရုကွေးသားလေးကလည်း ဒီစာရင်းထဲ ပါဝင်လာနိုင်အောင်ပဲ ခြေစွမ်းပြနေပါတယ်။ မြောက်လန်ဒန်ဒါဘီမှာ တောက်ပခဲ့တဲ့ ခြေစွမ်းနဲ့အတူ အာဆင်နယ်မှာ ကာလရှည် ပျောက်ကွယ်နေတဲ့ ကွင်းလယ်ဖိုက်တာဖြစ်ပြီး ဥရောပအသင်းကြီးတွေက မျက်စိကျခြင်းကိုတောင် ခံလာရပါပြီ။

စတားလင်း (မန်စီးတီး)

အင်္ဂလန်တောင်ပံသမားက ထူးချွန်တဲ့ တိုက်စစ်စွမ်းရည်တွေကို ပြသနေပါတယ်။ ဆေးဗားနဲ့ ဒီဘရိုင်းမပါချိန် မန်စီးတီးတိုက်စစ် အရှိန်မသေသွားဖို့ စတာလင်က အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး မန်နေဂျာ ဂွာဒီယိုလာကလည်း အသိအမှတ် ပြုထားရပါတယ်။

ဟာဇက် (ချယ်ဆီး)

ဘယ်ဂျီယံ အသင်းခေါင်းဆောင်က ပရီးမီးယားလိဂ်ရဲ့ ပြီးပြည့်စုံမှု အရှိဆုံး တိုက်စစ်သမားပါ။ သူမရှိတဲ့ ချယ်ဆီးဟာ တူညီတဲ့ အသင်း မဖြစ်နိုင်ပါဘူး။ ဟာဇက်ရဲ့ အနာဂတ်က စတမ်းဖိုဒ့်ဘရစ်ခ်ျရဲ့ အဝေးမှာ ရှိကောင်း ရှိနိုင်မှာဖြစ်ပြီး ဆာရီရဲ့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရဖို့ အဓိက ကူညီပေးနေသူဖြစ်ပါတယ်။

ဆာလက် (လီဗာပူး)

ဆာလက်ဟာ ရာသီစကို နှေးကွေးစွာ စတင်လာပေမယ့် သွင်းဂိုးနဲ့ ဖန်တီးမှုတွေကို ဆက်တိုက် ပြသနေပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ကမ္ဘာဖလားမှာ ရင်ဆိုင်ခဲ့ရတဲ့ စိတ်ပျက်စရာ အနေအထားကို အဆုံးသတ်ပြနေပြီး အမှတ်ပေးဇယားထိပ်မှာ လီဗာပူးရပ်တည်ဖို့ကတော့ ဆာလက်ရဲ့ သွင်းဂိုးတွေက အရေးပါလှပါတယ်။

အူဘာမီယန်း (အာဆင်နယ်)

သီယာရီအွန်နရီနောက်ပိုင်း အာဆင်နယ်ရဲ့ အကျိုးအဖြစ်ဆုံး လက်မှတ်ထိုးမှုဖြစ်တယ်။ ဒေါ့မွန်ကနေ ပြောင်းလာခဲ့တဲ့ ဂါဘွန်သားဟာ လိဂ်ရဲ့ ဂိုးသွင်းအမြင့်ဆုံး တိုက်စစ်သမားဖြစ်ပြီး ဂန်းနားတိုက်စစ်မှာ ထက်မြက်တဲ့ အဆုံးသတ် သွင်းဂိုးတွေနဲ့ ရာသီကောင်းတစ်ခုကို ကျော်ဖြတ်ပြနေပါတယ်။

ဟယ်ရီကိန်း (စပါး)

အမှတ်ပေးဖလား ရေပန်းစားမှုမှာ လီဗာပူး၊ မန်စီးတီးတို့နောက်မှာပဲ ရှိနေသေးတယ်ဆိုပေမယ့် ဇယားထိပ် ဦးဆောင်သူ လီဗာပူးနဲ့ စပါးကြား 6 မှတ်ပဲ ကွာဟမှုမှာ ကိန်းကလည်း အဓိကျတဲ့ ကစားသမားပါ။ ကမ္ဘာအဆင့် တိုက်စစ်သမားဖြစ်တဲ့ ကိန်းရှိနေတဲ့ အသင်းဟာ ပြိုင်ပွဲစုံမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရထားဆဲဖြစ်ပါတယ်။

ဒီ ၁၁ ယောက်က တကယ်ပဲ အကောင်းဆုံးတွေလား အမြင်လေးတွေ ပြောခဲ့ပါဦး။