ပြန်ကြည့်ရင် ဇာတ်လိုက်က တစ်သင်းလုံး၊ သွားနေတဲ့ ဇာတ်ထုတ်က ပရီးမီးယားလိဂ် ၊ မရဖူးသေးတဲ့ ဆုဖလားအတွက် တိုက်စစ်ပွဲဆိုတာ နှစ်တိုင်းထိပ်တိုက်တွေ့နေကျ အသိမိတ် ဆွေ၊ ဒီတစ်ခါနိုင်အောင်တိုက်ဖို့ လက်ကျန်ပွဲစဉ်တွေက ၁၈ ပွဲ၊ ပွဲ ၂၀ အထိ အရှုံးမရှိ ကောင်းကင်အောက်မှာ လီဗာပူးက လင်းလင်းကျင်းကျင်းနဲ့ပါ။ အခု အချိန် အထိတော့ မိနစ် ၉၀ တိုင်းကို ကလော့ပ်က သူ့တပ်ရင်းနဲ့ အကောင်းဆုံးထိုးစစ်ဆင် ပြီး ပရီးမီးယားလိဂ်မှ ၁၉ သင်းတောင်ကုန်းတွေကို သိမ်းပိုက်လို့ကောင်းနေတုန်း။ ချန်ပီယံဖလား နောက်လိုက်တဲ့ ကျားတွေ ရဲ့ ဒီဇင်ဘာပွဲကျပ် အမှတ်လုအမဲလိုက်တဲ့အခန်းဆိုလည်း လီဗာပူးက အရှုံးဆိုတာ လုံးလုံးမရှိတာပါ။

ဘယ်အချိန် အထိနာမလဲ၊ စောင့်ကြည့်ကြသူတွေ တစ်ပတ်ပြီးတစ်ပတ် မျှော်ရင်း လည်ပင်းရှည်ကုန်တယ်၊ ကလော့ပ် က တော့ သူ့အနားမှ ဂိုးသွင်းကောင်းတဲ့ ပစ်မလွဲစနိုက်ပါ သမားတွေကို စိတ်ဓါတ်ရေးရာ မထိရှအောင် ဂရုစိုက်ပြီး ပိုးမွေး သလိုမွေးထားတာ အတုယူချင်စရာ၊ စိတ်တွေကို ချည်တဲ့ သံယောဇဉ်က ဘယ်သူနဲ့မှမတူ အောင် ကလော့ပ်က ၅၂၈ ကိုမှ သီးသန့်ဆန်ဆန် ရှေ့တန်း အထပ်ထပ် တင်ထားတဲ့သူ…။

ဟုတ်တာပေါ့၊ သူ့နဲ့ကစားသမားကြားမှာ နားလည်၊နွေးထွေးမှုက အောင်မြင်ရေးအတွက်သော့ချက်ပဲ။ ဘယ် သူကို ကြည့်ကြည့် သူ့နဲ့ နားလည်မှုပြည့်တဲ့ အသိနဲ့အကြည့်က ပွဲပြီးရင် သိပ်သိသာတယ်။ နွေးထွေးတဲ့လက်စုံနဲ့ ကစားသမားတွေကို ထွေးပွေ့နှစ်သိမ့်ပေးတာများ မြင်ရသူအားလုံး အတွက် စိတ်ကြည်နူးစရာ၊ ပျော်စရာရှိရင် ကလေးတစ်ယောက်လို ပျော်လိုက်တယ်။ ထိရှမှု မှုရှိရင်လည်း ပွဲအပြီး ကစားသမားတွေနဲ့အတူ တစ်တန်းစားတည်း အလွမ်းတွေဖွဲ့သီလိုက် တယ်။ သူကိုယ်တိုင်က ကစားသမားလည်းသူ၊ နည်းပြလည်းသူ၊ အားလုံးနဲ့ တစ်သွေး တစ်သားတည်းရယ်။ ဆူစရာရှိရင်ဆူမယ်၊ ဆဲစရာရှိရင်ဆဲမယ်။ အာဏာရှင်မဆန်ဘူး။ လက်တွေ့ဆန်ခြင်းအနုပညာနဲ့ ဦးလေးလိုတစ်သွယ်၊ ဆရာလိုတစ်မျိုး၊ ဖခင်မေတ္တာကို ဖန်တီး ပြီး မိသားစု ဂေဟာကိုဖွင့်နေသလိုပဲ။

ဒီနှစ်တော့ အမြင့်ဆုံးကိုပျံမယ့်ငှက်တွေ အတွက် စိတ်ခွန်အားအမြင့်ဆုံးအထိဆွဲတင်ပေးထား လိုက်ပြန်တယ်။ ၈၊ ၄၊ ၄၊၁ ဆိုတာ သူ့ကိုယ်ပိုင် အမှတ်အသားတစ်ခု၊ လီဗာပူးကို သူရောက် လာတဲ့အချိန်က အခုဆိုရင် ၄ နှစ်သားဖြစ်နေပြီ၊ ရှေ့သုံးနှစ်ပရီးမီးယားလိဂ်မှာ အဆင့် ၈ ၊ ၄ ၊ ၄နဲ့ အခု အဆင့် က ပွဲသိမ်းခင်မှာ ထိပ်ဆုံးရောက် နံပါတ် ၁၊ သွားရမယ့်လမ်းတွေကြမ်းနေ သေးတယ်။ ရှိတာနဲ့သွားနေတုန်းပဲ၊ ကလော့ပ်ဖောက်တဲ့လမ်း၊ အသားသေသလောက်ရှိနေပြီ၊ လိုချင်တဲ့ ဆုဖလားမရသေးဘူး။ မနှစ်တုန်းကထိ ပြည်တွင်းနဲ့ပြည်ပမှာ အဆင်ပြေတဲ့အထိ ဖလားနားအထိကပ်ခဲ့ကြတယ်။

ပြည်တွင်းမှာ အဆင့် ၄ ၊ ချန်ပီယံလိဂ်မှာ ဖိုင်နယ်၊ ဒီလောက်ပဲ၊ အခုနှစ်လည်း လူအင်အားဖြည့်တယ်။ ဆီအပြည့်ထည့်ပြီး ပြိုင်ကွင်းထဲဝင်တဲ့ ပြိုင် ကားအနီရဲရဲလေးကို သူတက်မောင်းသလိုမျိုး မြင်မိတယ်။ နောက်ဆုံးပေါ် မန်စီးတီးနည်းပြ ဂွါ ဒီယိုလာစီးတဲ့ ငွေနဲ့စပ်၊ ရွှေနဲ့စပ်တဲ့ကားလိုတော့ မမြန်ပေမယ့် မှန်မှန်လေးတော့သွားတယ်။ အခုအချိန်အထိ လီဗာပူးက အကွေ့တွေမှာ မှန်မှန်လေး ချိန်သားကိုက်သွားလာနိုင်နေဆဲပါပဲ၊ မန်စီးတီးကတော့ ချိန်သားကိုက်မှု အလေ့အကျင့်ပျက်တဲ့အတွက် လီဗာပူးရဲ့ဖိအားပေးမှု အောက်မှာ ရပ်တည်မှုက အဆင့် ၁ ကနေပြီး အဆင့် ၃ အထိထိုးဆင်းစိုက်တာ အံ့အားသင့် ဖွယ်ရာအတိနဲ့ဖြစ်ရတယ်။ ကလော့ပ်ကတော့ သူ့အလုပ်သူ ပုံမှန်လေးလုပ်နေတယ်။

ဒုတိယ နေရာတက်လာတဲ့ တော့တင်ဟမ်ကလည်း ပိုချက်တီနို တစ်ချက်တွက်ကိန်းလွဲလိုက်တာနဲ့ ၀ုလ်ဖ်ကို အိမ်ကွင်းမှာ အရှက်ရစရာအရှုံးနဲ့ ၁-၃ ဖြစ်လို့ ချန်ပီယံပြေးလမ်းထဲမှာ ထော်လော် ကန့်လန့်တိုက်ပြီး ဟန်ချက်ပျက်ချိန်မှာ လီဗာပူးကတော့ အန်ဖီးလ်မှာ သာသာယာယာနဲ့ အမှတ်ပြည့်ယူပြီး အာဆင်နယ်ကို ၅-၁ နဲ့ အနိုင်ယူကာ စံချိန်တွေ တစ်ခုပြီး တစ်ခုတင်လို့ ကောင်းနေတုန်း၊ ပရီးမီယားလိဂ်တောင်ကုန်းတွေကို သိမ်းပိုက်လို့ကောင်းနေတုန်း၊ စိန်ခေါ် မှုတွေမပြီးသေးဘူး။ ဆက်သွားနေဆဲ၊ ဆက်လှိမ့်နေဆဲ ပေါ့။

တစ်ခုတော့ သတိထားရမယ်။ လီဗာပူးရဲ့ အင်ဂျင်စက်တွေ ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ်၊ ပွဲပယ် ခံရလိုပဲဖြစ်ဖြစ် အပ်တစ်ပေါက်စာလောက်လေးက ဆီစိမ့်စိမ့်ယိုကျခဲ့မယ်ဆိုရင် အရန်က လူ တွေဟာ မူမှန်ခြေတော့ အခုလိုအကောင်းစားစုစည်းမှုရမယ်မထင်ဘူး။ အခုဆိုရင် ဆာလာ၊ မာနေး၊ ပြီးတော့ ဖာမီနိုနဲ့ဖာဖင်ညို အပြင် ဗန်ဒိုက်နဲ့ အက်လစ်ဆင်တို့လို အန်ဖီးလ်မှ ဒေါက် တိုင်များကလည်း ပွဲဆက်တိုက်စားမှုဒဏ်ကြောင့် ကြံ့ခိုင်မှုပိုင်း ပြင်းပြင်းထန်ထန်ထိခိုက်လာ မယ်ဆိုရင် Plan B ဟာ ကလော့ပ် အတွက် လာခြင်းကောင်းနိုင်ပါ့လား၊ ရှေ့မှာ ပွဲဆက်တွေရှိ နေသေးတယ်။ အထူးသဖြင့် ရှုံးပွဲမရှိသေးတဲ့စံချိန်နဲ့ အီတီဟတ်မှာ မန်စီးတီးနဲ့ထိပ်တိုက်တွေ့ ရမယ့်ပွဲကျန်တယ်။ ဒီပွဲ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့အတွက် လီဗာပူးဟာ မှတ်ကျောက်တင် ခံ ရမယ့်ပွဲဖြစ်တယ်။ လက်ရှိချန်ပီယံကို ဖိအားပေးနိုင်မယ်ဆိုရင် လက်ထဲမှာ ဖြတ်ချထားတဲ့ ရမှတ်တွေကို သက်တမ်းတိုးဖို့ ရှေ့ပွဲတွေမှာ ဖိအားလျော့ချနိုင်လိမ့်မယ်။ အရေးကြီးတဲ့ပွဲမှာ လီဗာပူး အမှားနဲ့တည့်တည့်တိုးလို့မရဘူး။

ကမောက်ကမဆိုတာ အစပျိုးတဲ့ မုန်တိုင်းလိုပဲ၊ အဲ့ဒါကို ကလော့ပ် မနှစ်ကလိုမျိုး ပြန်အစဆွဲ မထုတ်မိဖို့လိုတယ်။ ဖြစ်နိုင်ရင် ဖလားမျိုးစုံမှန်းတာထက် ပြည်တွင်းမှာ တစ်ချိန်မှ မရဖူးသေး တဲ့ အမှတ်ပေးဖလား ချန်ပီယံဆိုတာကြီးကို လီဗာပူး ပရိသတ်တွေ အတွက် သမိုင်းဝင်မှတ် တမ်းဝင်အောင် ပထမဆုံးယူပြလိုက်စေချင်မိတာပါပဲ။

နို့မို့ဆိုရင် အခွင့်အရေးရှိပါရက်နဲ့ ကိုယ်တိုင် လက်က ပြန်လွှတ်ချမိလိုက်တဲ့ အောင်မြင်မှုဟာ သူများအတွက်ဖြစ်သွားမှာစိုးလို့ပါ၊ ဟုတ်ပါတယ်။ ပရိသတ်တွေ ကလည်း ပရီးမီးယားလိဂ်ဖလားအတွက်ပဲ လီဗာပူးကို ကလော့ပ် အနေနဲ့ အာရုံတစ်ခုတည်းထားစေချင်နေပါပြီ၊ လက်ရှိထက်ဖြတ်ချထားနိုင်တဲ့ ရမှတ်တွေကို ဆက်လက်ရယူပြီး ပြိုင်ဘက်တွေ လိုက်လို့မမှီလောက်အောင်ဖြစ်ဖို့ ကလော့ပ် လု ပ်နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် သမိုင်းမှာ ချန်ပီယံအသစ်ထွက်မယ်။ လီဗာပူးကလပ် သမိုင်း မှာလည်း ဘင်နီတက်ဇ်ထက် မြင့်တဲ့ ဂုဏ်ဝင့်ထည်မှု တစ်ခု ပြည်တွင်းမှာရဖို့ရှိနေ လိမ့်မယ်ဆိုတာပါပဲ။

ဒီခရီးနီးသလား လီဗာပူး..

ကလော့ပ် က ပရိသတ်ကို ပရီးမီးယားလိဂ် ချန်ပီယံဖလား လက်ဆောင်ပေး နိုင်မလား?ဒီလိုနဲ့ မန်စီးတီး တောင်ကုန်း မိုင်တိုင် ၂၁ ကို ဆက်သွား၊ ဆက်လျှောက်ကြတာပေါ့…

ထွန်းထွန်းဦး(လှိုင်) Fox Sports