ယူနိုက်တက်ကစားသမားဟောင်း ဖီးနဗီးက လက်ရှိ ယာယီမန်နေဂျာအဖြစ် တာဝန်ယူထားတဲ့ ဆိုးရှားဟာ ကစားသမားဘဝမှာကတည်းက ခပ်မြန်မြန်သင်ယူနိုင်စွမ်းရှိတဲ့ ကျောင်းသားတစ်ယောင်လို ပွဲကို ဖတ်နိုင်စွမ်းမြင့်မားတဲ့ စွမ်းရည်ကောင်းကို ပိုင်ဆိုင်ထားသူလို့ ချီးကျူးပါတယ်။ ယူနိုက်တက်မန်နေဂျာဖြစ်လာချိန်မှာလည်း လုပ်ဆောင်သင့်တဲ့ နေစဉ်လုပ်ငန်းတွေကို ခွဲခြားသိခြင်းက အသင်းက ဘာလို့ သူ့ကိုခေါ်ယူခဲ့တာဆိုတာအတွက် အကြောင်းရင်းခံပါလို့ ထောက်ပြပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ မန်နေဂျာဆိုးရှားလက်ထက် ပရီးမီးယားလိဂ်ပွဲ 3 ပွဲမှာ သွင်းဂိုး 4 ဂိုး ရခဲ့ပါပြီ။ ဒါဟာ မော်ရင်ညိုလက်အောက် နောက်ဆုံး 17 ပွဲအတွင်း သူသွင်းခဲ့တဲ့ သွင်းဂိုးထက်တောင် ပိုများတဲ့ အရေအတွက်ဖြစ်ပါတယ်။

ဘုန်းမောက်ကို အိမ်ကွင်းမှာ 4-1 နဲ့ အနိုင်ရခဲ့လို့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်ဆီးအသင်းကို ဆက်လက် ဖိအားပေးနိုင်နေပြီဖြစ်သလို အဆင့် 5 မှ အာဆင်နယ်နဲ့လည်း 3 မှတ်သာ ကွာပါတော့တယ်။ ယူနိုက်တက်ဟာ 2011 နောက်ပိုင်း ပထမအကြိမ်အဖြစ် 3 ပွဲ ကစားပြီး 12 ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

2018 ခုနှစ်အတွက် မန်စီးတီးရဲ့ နောက်ဆုံးပွဲအဖြစ် စိန့်အသင်းကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ မန်စီးတီးက 3-1 နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် နှစ်သစ်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးပွဲမတိုင်ခင် အမှတ်ပေးဇယား ကွာခြားမှုကို 7 မှတ်ထိ လျော့ချနိုင်ခဲ့ပါပြီ။

စိန့်ကို အနိုင်ယူအပြီးမှာ ဂွာဒီယိုလာက ” ကျနော်တို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ အထူးသဖြင့် ပထမပိုင်း 30-35 မိနစ်လောက်မှာပေါ့။ 1-3 ဆိုတဲ့ ရလဒ်က သိပ်ကောင်းပါတယ်။ ဒါပေမယ့်လို့ နှစ်ပွဲ အရေးနိမ့်အပြီးမှာတော့ အနိုင်ရလဒ်ကပဲ တစ်ခုတည်းသော အရေးကြီးတဲ့ အရာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲမှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ပါဝင်နိုင်မလားက မသေချာသေးပါဘူး။ ဂွာဒီယိုလာကတော့ အခြေအနေ ထူးခြားမှုရှိသလားဆိုတာ သူမသိသေးကြောင်းနဲ့ လောလောဆယ် ဒီဘရိုင်း မပါနိုင်တာကပဲ အရေးကြီးဆုံး ကိစ္စ မဟုတ်ပါဘူးလို့ ဖြေဆိုပါတယ်။

လီဗာပူးအသင်းနဲ့ ပဲလေစ့်တို့ဟာ ဆိုလန်ကီကို အငှားစေလွှတ်ဖို့ကိစ္စ စကားပြောနေပါပြီ။ လီဗာပူးအခြေစိုက် သတင်းတွေကတော့ အပြောင်းအရွှေ့က ဇန်နဝါရီ အစောပိုင်းမှာတင် ဖြစ်ပေါ်လာမယ်လို့ ဖော်ပြနေပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က မန်စီးတီးအသင်း ပဲလေစ့်နဲ့ လက်စတာကို အမှတ်မထင် အရေးနိမ့်ခဲ့သလို လီဗာပူးကလည်း မထင်မှတ်ထားတဲ့ အရေးနိမ့်ခြင်းမျိုးတွေကို ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးစကား ပြောဆိုပါတယ်။ ရော်ဘတ်ဆန်ကတော့ ကွင်းအတွင်း အာရုံစူးစိုက်မှုကို လုံးဝ မလျော့လိုက်ဖို့ အသင်းဖော်တွေကို သတိပေးလိုက်တာပါ။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က အမှတ်ပေးဖလားနဲ့ပက်သက်ပြီး မေးခွန်းထုတ်ခံရမှုတွေကို ” ကျနော်က အရမ်းထက်မြက်တဲ့သူ မဟုတ်ဘူး။ ဒါပေမယ့်လို့ လူပိန်းတစ်ယောက်လည်း မဟုတ်ပါဘူး။ အနည်းဆုံး အမြဲတမ်းတော့ ကျနော်က မအပါဘူး။ ဒီဇင်ဘာမှာ ရမှတ်ဘယ်လောက်ရတယ်ဆိုတာထက် ဒီဇင်ဘာအပြီး လာမယ့်ကာလတွေမှာ ရမှတ်ဘယ်လောက်ရမယ်ဆိုတာက အရေးကြီးပါတယ် ” လို့ အဖြေပေးခဲ့ပါတယ်။

ချယ်ဆီးတိုက်စစ်သမား ဂီရော့ရဲ့ ဒဏ်ရာက ခြေချင်းဝတ်မှာဖြစ်ပြီး ဒဏ်ရာပြင်းထန်မှုကိုတော့ ဒီကနေ့မှာ သိရပါမယ်။ ဖာဘရီဂတ်စ်၊ လော့တပ်ချိစ်၊ ဒရင့်ဝါးသား၊ ပက်ဒရို၊ အိုဒွိုင်းတို့အပြင် ဂီရော့ပါ ဒဏ်ရာရခဲ့တာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်မှုလို့ ဆာရီက ပြောပါတယ်။

ချယ်ဆီးလူငယ်တောင်ပံသမား အိုဒွိုင်းကို ဂျာမနီကလပ် ဘိုင်ယန်မြူနစ်က ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ပေါင် သန်း 20 တန်ကြေးရှိမယ့် ကမ်းလှမ်းမှုလို့ သိထားရပြီး ချယ်ဆီးဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ မသေချာသေးပါဘူး။

2018-2019 ဘောလုံးရာသီ ပရီးမီးယားလိဂ်ကစားသမားတွေထဲ တစ်ပွဲထဲ ပေးမှုအမြင့်ဆုံး ကစားသမားအဖြစ် ဂျော်ဂျင်ဟိုက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ သူဟာ ဝက်ဟမ်းနဲ့ပွဲမှာ (162 ကြိမ်)၊ နယူးကာဆယ်ပွဲမှာ (158 ကြိမ်) နဲ့ ပဲလေစ့်ပွဲမှာ (150 ကြိမ်) တွေကို အမြင့်ဆုံး လုပ်ထားနိုင်ပါတယ်။

အီဂျစ်နည်းပြတစ်ဦးဖြစ်တဲ့ Hamdy Nouh က အာဆင်နယ်ကွင်းလယ်လူ အန်နီနီကို ဇန်နဝါရီမှာ အငှားထွက်ပြီး ယုံကြည်မှုတွေ ပြန်တည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အီဂျစ်လက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင် တစ်ဦးလည်းဖြစ်တဲ့ အန်နီနီဟာ ဒီရာသီမှာ ပြိုင်ပွဲစုံမှာ 7 ပွဲပဲ ကစားထားရပါတယ်။

အာဆင်နယ်အသင်းမှာ အမ်မရီ သက်သေပြမှုကောင်းတွေ လုပ်ပြဖို့ရာ အချိန်နဲ့ ငွေကြေးတွေ ပေးဖို့ လိုပါတယ်လို့ တိုက်တွန်းမှုတွေ ထွက်ရှိနေပါတယ်။ လီဗာပူးကို ရင်ဆိုင်ကစားပြီး 5-1 ဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့မှုဟာ အာဆင်နယ်မှာ အင်အားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်တာရဲ့ သက်သေအဖြစ် ဂန်းနားတို့က ထောက်ပြနေတာပါ။

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ကွင်းလယ်လူတစ်ဦးနဲ့ ဗဟိုခံစစ်မှူးတစ်ဦးကို အရေးတကြီး လိုအပ်နေကြောင်း လန်ဒန်အခြေစိုက်သတင်းတွေက ထောက်ပြပါတယ်။ ခံစစ်ပိုင်းမှာ ပြဿနာကြီးတွေ ရှိထားတဲ့ အာဆင်နယ်ဟာ အိုဇေး မကြာခဏ ဒဏ်ရာရနေပြီး ရမ်ဆေးကလည်း စာချုပ်ကုန်တော့မှာဖြစ်လို့ ကစားသမားသစ် အင်အားဖြည့်ဖို့ လိုအပ်နေပါတယ်။

ဝုဗ်နဲ့ပွဲကို အရေးနိမ့်ခဲ့တာက အသင်းဟာ ပွဲဆက်တွေများနေလို့ ပင်ပန်းနေလို့ဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။ ခက်ခဲတဲ့ ပွဲကြပ်ကို ဆက်တိုက်ကျော်ဖြတ်လာရလို့ အသင်းသားတွေ စွမ်းဆောင်ရည် ကျလာတဲ့ အချိန်ကို ပြိုင်ဘက်အသင်းက အခွင့်အရေး ယူနိုင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းတွေက ရလဒ်ကောင်းကို ဆက်တိုက်ထိန်းဖို့ အခက်တွေ့စေတယ်လို့ ပိုချက်က ပြောပါတယ်။

နွေအပြောင်းအရွှေ့မှာ ကစားသမားသစ်တစ်ယောက်မှ မခေါ်ယူခဲ့တဲ့ စပါးအသင်းဟာ ဇန်န၀ါရီဈေးကွက် ဖွင့်လှစ်ချိန်မှာလည်း လူခေါ်ဖို့ မရှိဘူးလို့ သိရပါတယ်။ အသင်းဥက္ကဌလီဗိုင်းက မန်နေဂျာကို အသုံးစရိတ်ပေးမယ် ပြောပေမယ့် ပိုချက်တီနိုဟာ အသုံးစရိတ်ရဖွယ်မရှိတာကြောင့် စပါးအသင်း ပါဝင်ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲ လေးခုစာအတွက် လုံလောက်တဲ့ အင်အား ရှိမနေသေးတာ အမှန်ပဲ ဖြစ်ပါတယ်။