ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ ၂၀၁၈ တစ်နှစ်တာ ကုန်ဆုံးခဲ့ပြီး ရာသီဝက် ပြီးဆုံးခဲ့ပါပြီ။ ဒီနှစ်ပရီးမီးယားလိဂ်ဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ လီဗာပူးအသင်းကြောင့် ချန်ပီယံဆုအတွက် အားလုံးက စိတ်ဝင်စားနေကြသလို ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ ရွှေဖိနပ်ဆုကလဲ အတော်လေးကို အကြိတ်အနယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ လီဗာပူးတိုက်စစ်မှူး ဆာလက်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အာဆင်နယ် တိုက်စစ်မှူး အူဘားမီးယန်းတို့က သွင်းဂိုး၁၃ဂိုးစီ သွင်းယူထားကြပြီး ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် ပူးတွဲရပ်တည် နေကြပါတယ်။ သူတို့ရဲ့နောက်မှာတော့ ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက်က သွင်းဂိုး၁၀ဂိုး၊ မန်စီးတီး တိုက်စစ်မှူးတွေဖြစ်တဲ့ အဂူရိုနဲ့စတားလင်းတို့က သွင်းဂိုး၉ဂိုးနဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။ လာမယ့်၂၀၁၉ခုနှစ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်၁၈ပွဲ ထပ်မံကစား သွားရမှာဖြစ်ပြီး ရွှေဖိနပ်ဆုအတွက် အထက်ပါ ကစားသမားတွေမှာ အခွင့်အရေး ရှိနေကြပါတယ်။

အထူးသဖြင့် ဆာလက်၊ ဟယ်ရီကိန်း၊ အူဘားမီးယန်းတို့ဟာ တိုက်စစ်မှူး စစ်စစ်တွေ ဖြစ်တာကြောင့်လဲ ဒီဆုကိုရရှိဖို့ အကြိတ်အနယ် ယှဉ်ပြိုင်သွားမှာပါ။ ဆာလက်ဟာ လက်ရှိရွှေဖိနပ်ဆု ပိုင်ရှင်ဖြစ်သလို ဟယ်ရီကိန်းဟာလဲ ဆာလက်မတိုင်ခင် ရွှေဖိနပ်ဆုကို ၂နှစ်ဆက်တိုက် ရယူထားတဲ့ ကစားသမားပါ။ အူဘားမီးယန်းဟာလဲ ပရီးမီးယားလိဂ်ကို ရောက်လာတာ မကြာသေးပေမယ့် ဂျာမန်ဘွန်ဒက်စ်လီဂါမှာ လီဝန်ဒေါစကီးကို ကျော်ဖြတ်ကာ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ ကစားသမား ဖြစ်တာကြောင့် သူ့ကိုလဲ လျော့တွက်လို့ မရပါဘူး။ ဒါ့ကြောင့် ၂၀၁၉မှာ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဘယ်သူဖြစ်လာမလဲဆိုတာ နောက်ဆုံးအချိန်အထိ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။