အမ်းမရိတ်မှာ ဖူလ်ဟမ်အသင်းကို ရင်ဆိုင်ကစားတဲ့ လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်က ၄-၁ နဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် သွင်းဂိုးတွေကိုတော့ ကွင်းလယ်လူ ဆာခါက စတင်သွင်းယူခဲ့ပြီး လာကာဇက်တီ၊ ရမ်ဆေးနဲ့ အူဘာမီယန်တို့က တစ်ဂိုးစီ သွင်းယူပါတယ်။

ဘိုင်ယန်နဲ့ ပီအက်စ်ဂျီအသင်းတွေက စိတ်ဝင်စားမှု ရှိနေပေမယ့်လည်း အာဆင်နယ်ကွင်းလယ် ရမ်ဆေးက ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ဖို့ အလေးသာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ဘက်က ရမ်ဆေးကို 2023 ခုနှစ်ထိရှိမယ့် စာချုပ် ကမ်းလှမ်းထားကာ အလိုရှိရင် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ထည့်သွင်းပေးထားပြီး ရမ်ဆေးအတွက် စုစုပေါင်းတန်ကြေးက ပေါင် 31.2 သန်း ရှိပါမယ်။

ဖူလ်ဟမ်နဲ့ပွဲမှာလည်း အိုဇေးလ်တစ်ယောက် အာဆင်နယ်အသင်းမှာ ပါဝင်မလာခဲ့ပြန်ပါဘူး။ အာဆင်နယ်နည်းပြ အမ်မရီက အိုဇေးလ်ရဲ့ ဒူးဒဏ်ရာက အချိန်မှီ မသက်သာသေးလို့ ဖြစ်ကြောင်း ဖြေရှင်းချက်ပေးထားပါတယ်။

ကားဒစ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ပြီး စပါးအသင်းက ၃-၀ နဲ့ အနိုင်ရသွားပါတယ်။ စပါးအတွက် သွင်းဂိုးတွေကိုတော့ ဟယ်ရီကိန်း၊ အဲရစ်ဆန်နဲ့ ဆွန်ဟောင်မင်တို့က သွင်းယူပါတယ်။

တော့တင်ဟမ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ကိန်းက နိုင်ငံအသင်း အင်္ဂလန်နဲ့အတူ ၂၀၁၉ မှာ နေးရှင်းလိဂ် ဗိုလ်စွဲလိုနေပြီး ၂၀၂၀ ယူရိုပြိုင်ပွဲဆီ ဆုဖလားနဲ့ သွားရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဟက်ဒါဖီးအသင်းဟာ စပါးလူငယ် ခံစစ်မှူး ဂျာဒန်ဘရောင်းကို လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ စပါးအသင်းနဲ့ ၂၀၂၁ ထိ စာချုပ်ရှိတဲ့ အင်္ဂလန် U19 လက်ရွေးစင် လူငယ်ကစားသမားဟာ ဟက်ဒါဖီးအသင်းသို့ ၂နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ ထပ်တိုးခွင့်ပါ ပါရှိပါတယ်။

မန်စီးတီးတိုက်စစ်မှူး အဂွယ်ရိုက စီးတီးဟာ လီဗာပူးကို ကျော်လွှားနိုင်ဖို့ ကိုယ်ပိုင် ပုံစံ ကစားဟန်ရှိပြီး ဖြစ်ကာ အောင်ပွဲ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပွဲကြိုအနေနဲ့ စကားဆိုလိုက်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်သူ အသင်းတွေ ထိပ်တိုက်တွေ့တဲ့ ပွဲတွေက ပွဲကြီးတွေ ဖြစ်ပြီး ထိုရလဒ်တွေက ရာသီကုန်ထိ သက်ရောက်မှု ရှိနိုင်တယ်လို့လည်း ၄င်းက မှတ်ချက်ပြုလိုက်ပါတယ်။

မန်စီးတီးတောင်ပံတိုက်စစ်သမား စတားလင်းကလည်း အသင်းဟောင်း လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် ယုံကြည်မှု အပြည့် ရှိနေပြီး မန်စီးတီးဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ စတားလင်းက ဒီရာသီ စီးတီးနဲ့အတူ ခြေစွမ်းပြနေသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ဂိုးသွင်းကာ ၉ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာ ရှိနေလို့ မပါဝင်နိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ ဒဏ်ရာ မပြင်းထန်ဘူးဆိုပေမယ့် လီဗာပူးနဲ့ပွဲ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ ဒါ့အပြင် ဒပ်ဖ်ကလည်း အနီကတ် ပွဲပယ်ကြောင့် ဒီပွဲ မပါဝင်နိုင်ပါဘူး။ တနင်္ဂနွေနေ့ကပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဂွမ်ဒိုဂန်ကလည်း ပါဝင်ကစားနိုင်ဖို့ ရှိမရှိ မသိရသေးပါဘူး။

ယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ဟာ ဗုဒ္ဓဟူးနေ့ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည် ကစားနိုင်ဖို့ ပစ်မှတ်ထားနေပြီး ယူနိုက်တက် မန်နေဂျာ ဆိုးလ်ရှားကလည်း ဆန်းချက်ရဲ့ အကောင်းဆုံး ခြေစွမ်းများ ပြန်လည် ဖော်ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ ချီလီသားကြီးဟာ နိုဝင်ဘာလတည်းက တံကောက်ကြော ဒဏ်ရာကြောင့် အနားယူကုသမှု ခံယူနေခဲ့ရပါတယ်။

ယူနိုက်တက်ဟာ နိုင်ပွဲတွေ ပြန်ရလာနေပေမယ့် အသင်းနည်းပြ ဆိုးလ်ရှားကတော့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေ ပေးနေရမှုကို ရပ်တန့်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြသွားပါတယ်။ ပေးဂိုးမရှိ clean sheet ပွဲတွေ ရလာဖို့ လိုအပ်ပြီး အခုထိ အကောင်အထည် မဖော်နိုင်သေးဘဲ ကြိုးစားလုပ်ဆောင်နေဆဲလို့ ၄င်းက ဆိုပါတယ်။

ယူနိုက်တက် တိုက်စစ်သမား ရပ်ဖို့ဒ်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။ ရပ်ရှ်ဖို့ဟာ ဘုန်းမောက်နဲ့ပွဲ မိနစ် ၇၀မှာ လူစားလဲစဉ်က ပေါင်ကြောထိခိုက်ဒဏ်ရာ ရှိခဲ့ပေမယ့် ဒီပွဲမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ရပ်ရှ်ဖို့က ဆိုးလ်ရှား နည်းပြနေတဲ့ ၃ ပွဲလုံး ပါဝင်ကစားထားပြီး ခြေစွမ်းပြကာ ၂ဂိုး သွင်းထားပါတယ်။

ဂန်းနားဟောင်းကြီး မာတင်ကီယွန်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို သဘောကျစွာ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ ဗန်ဒိုက်ဟာ နေရာယူမှု ပါးနပ်တာက ပြောလောက်စရာ ဖြစ်တဲ့အပြင် သူ့မှာ ရွေ့လျားနိုင်စွမ်း၊ ပွဲကို ဖတ်နိုင်စွမ်းတွေလည်း ရှိကာ ထိပ်တန်း ခံစစ်သမား တစ်ယောက် ဖြစ်တယ်လို့ ကီယွန်က ချီးကျူးစကားဆိုခဲ့ပါတယ်။

ဒီရာသီ ကလော့ပ်ကို အံအားသင့်စေတဲ့ လီဗာပူးကစားသမား အမည်ကို မေးမြန်းရာ ကလော့ပ်က အယ်လစ်ဆန်လို့ ESPN Brasil ကို ဖြေကြားခဲ့ပါတယ်။ “သူက ဘောလုံးနဲ့အတူ အသင်းကို လွှမ်းမိုးနိုင်တဲ့ ကစားသမားဆိုတာ သိသာပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် လီဗာပူးက ရိုးမားနဲ့ ကစားဟန်မတူလို့ သူ ဒီလောက် ကောင်းမယ်လို့ ကျနော် မထင်ခဲ့ဘူး။” လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးက ပီအက်စ်ဂျီကွင်းလယ် ရာဘီရော့ကို လိုက်နေတဲ့ အသင်းတွေထဲမှာ ပါဝင်ဆဲ ဖြစ်ပြီး ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ လီဗာပူးအသင်းက ပြီးခဲ့တဲ့နှစ်တည်းက ကွင်းလယ်နေရာ ဖြည့်တင်းဖို့ ရှာဖွေခဲ့ပြီး ဖယ်ကီယာနဲ့ အပြောင်းအရွှေ့ နောက်ဆုံး အဆင့်မှ ပျက်ပြယ်ခဲ့ရတာပါ။

ချယ်ဆီးကစားသမား ၀ီလျံက အသင်းဟာ ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ လူးဝစ်က လာမယ့်နွေမှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်ပြီး ချယ်ဆီးနည်းပြ ဆာရီက လူးဝစ်နဲ့ ဖာဘရီဂတ်စ်ကို အသင်းမှာ ဆက်ရှိနေစေလိုကြောင်း ၄င်း ဆန္ဒကို ထုတ်ဖော်ပြောကြားထားပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှူး ဟီဂူအင်ကို မရခဲ့ရင် ၀က်စ်ဟမ်းတိုက်စစ်မှူး အနာတိုဗစ်ကို ကမ်းလှမ်းမှုပြုလုပ်ဖို့ ကြံရွယ်နေကြောင်း သတင်းများမှာ ပါရှိလာပါတယ်။ ဒါပေမယ့် ဟီဂူအင် အငှားကစားနေတဲ့ အေစီမီလန်ကတော့ ချယ်ဆီးတိုက်စစ်မှူး မိုရာတာနဲ့ အလဲအထပ်လုပ်လျှင် အငှားနဲ့ပဲဖြစ်ဖြစ် ဆက်လက်ခေါ်ထားဖို့ အနည်းငယ် စိတ်ဝင်စားဟန် ပြထားပါတယ်။

ရှော်လ်ကေးမှာ အငှားသွားရောက်ကစားနေတဲ့ ချယ်ဆီးဘယ်နောက်ခံ ကစားသမား Baba Rahman ကိုခေါ်ယူဖို့ ဗီလာရီးရဲလ်နဲ့ Girona တို့က စိတ်ဝင်စားနေကြပါတယ်။ ၄င်းတို့ နှစ်သင်းလုံးက ချယ်ဆီးနဲ့ ချိတ်ဆက်ပြောဆိုမှုများလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။