ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲရားဟာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်ကို လီဗာပူး ခံစစ်မှူး ဗန်ဒိုက် ဆီက လွှဲယူလိုက်ပြီးနောက် ဗန်ဒိုက်ကဲ့သို့ ကလပ်အသင်းအပေါ် သက်ရောက်မှုကြီးကြီးနဲ့ အောင်မြင်မှုများလည်း ရယူနိုင်လိမ့်မယ်လို့ ဂျွန်နီ အီဗန်က ထောက်ခံ ပြောကြားလိုက်ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးအသင်းထံ ပြီးခဲ့တဲ့ နှစ်က ပေါင် ၇၅ သန်းနဲ့ စံချိန်တင် ရောက်ရှိခဲ့ပြီး မက်ဂွဲရားက ဒီနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ ယူနိုက်တက်သို့ ပြောင်းကာ စံချိန်တင်ကြေးသစ် တင်ခဲ့ပါတယ်။

လီဗာပူးရဲ့ ဟော်လန်သား ခံစစ်မှူးဟာ အသင်း ချန်ပီယံလိဂ် ဗိုလ်စွဲရာမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့ပြီး လီဗာပူး ခံစစ်ကြောင်း တစ်ခုလုံးကိုလည်း သက်ရောက်မှုကြီးကြီး ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗန်ဒိုက်က ပြီးခဲ့တဲ့ ရာသီ ပီအက်ဖ်အေ အကောင်းဆုံး ကစားသမား ဆုလည်း ရရှိခဲ့တာပါ။

ဂျွန်နီ အီဗန်ဟာ လက်စတာအသင်းမှာ မက်ဂွဲရားရဲ့ အသင်းဖော်အဖြစ် ကစားခဲ့သူဖြစ်ပြီး ယူနိုက်တက် ခံစစ်မှူးဟောင်းလည်း ဖြစ်ပါတယ်။ အီဗန်ကတော့ မက်ဂွဲရားကလဲ ဗန်ဒိုက်လိုမျိုး ကလပ်အသင်းကို ပြောင်းလဲ ကူညီနိုင်မယ်လို့ ယုံကြည်နေပါတယ်။

” ဗန်ဒိုက်နဲ့ မက်ဂွဲရားတို့ ပွဲတွေ ယှဉ်ကြည့်လို့ ရပါတယ်။ နှစ်ယောက်လုံးက ဘောလုံးနဲ့ အတူ ကောင်းစွာ ရွေ့လျားနိုင်ကြတယ်။ ဟယ်ရီ (မက်ဂွဲရား) ဆို ကျန်တဲ့သူတွေ မမြင်နိုင်တဲ့ ရှုထောင့်ကနေ နေရာယူမှုကောင်းတွေ လုပ်တယ်။ သူက တကယ်ကို ပါဝါအပြည့်နဲ့ လေထဲမှာလည်း ပြိုင်ဘက်တွေကို ယှဉ်နိုင်သူ ဖြစ်တယ်။”

” လူတိုင်းက သူတို့ရဲ့ ပြောင်းရွှေ့ကြေးကို ယှဉ်ပြောနေကြမှာပါ။ ဒီနေ့ခေတ်မှာ ဒါတွေ ယှဉ်ဖို့ ခက်ပါတယ်။ ကျနော်တို့ အားလုံက လူသားတွေ ဖြစ်ပေမယ့် ငွေနဲ့ အခုလို တန်ဖိုးဖြတ်ခံနေရတာ သိပ်တော့ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ ဈေးကွက်မှာကတော့ တောင်းဆိုမှုများတဲ့ အရာတွေက ပိုဈေးကြီးမယ် တခါတလေ ဈေးကျမယ် ဒီလို ရှိတတ်တာပဲ။ အရေးအကြီးဆုံးက ဘယ်လို ကစားလဲနဲ့ ကြည့် ဆုံးဖြတ်ရမှာပါ။”

” မက်ဂွဲရားအတွက် ကျနော် စိုးရိမ်မှု မရှိပါဘူး။ သူက ယူနိုက်တက်နဲ့ တိုင်းပြီး ချုပ်ထားတဲ့ ၀တ်စုံလို ကွက်တိပဲ။ အပြောင်းအရွှေ့ကောင်း ဖြစ်ပါတယ်။ သူက ယူနိုက်တက် လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ အသင်းမှာ လုံးဝ အောင်မြင်ပါလိမ့်မယ်။” လို့ အီဗန်က ထောက်ခံ ပြောဆိုခဲ့ပါတယ်။