ဒေါ့မွန်အသင်းမှ အမေရိကန် ကွင်းလယ်တိုက်စစ်သမား ပူလာဆစ် ပရီးမီးယားလိဂ် ကလပ် ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ယူရို ၆၄ သန်း/ ပေါင် ၅၇.၆ သန်းနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့တယ်လို့ သိရပြီး ပူလာဆစ်ကို ချယ်ဆီးက ဘောလုံးရာသီကုန်အထိ ဒေါ့မွန်မှာ အငှားပြန်ချပေးရမှာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်သမားဟာ ချယ်ဆီးကလပ်အသင်း သမိုင်းမှာ မိုရာတာပြီးနောက် ဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်လာပါတယ်။ ပူလာဆစ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ၂၀၁၅ တည်းက စလို့ ၁၁၄ ပွဲ ပါဝင်ကစားပေးထားခဲ့သူပါ။

“လာမယ့်နွေမှာ ပြိုင်ပွဲအသစ် ယှဉ်ပြိုင်ဖို့ ကျနော် ချယ်ဆီးအသင်းကို ပြောင်းရွှေ့ပါတောမယ်။ ဒီလို ဂန္ဒ၀င်ကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရတာ အခွင့်အရေးကြီးပါပဲ။ ကျနော့်အနေနဲ့ ချယ်ဆီးရဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အတူတူ အလုပ်ကြိုးကြိုးစားလုပ်ပြီး အသင်းအတွက် ပါဝင်ကူညီခွင့် ရဖို့ မျှော်လင့်နေပါပြီ။” လို့ ပူလာဆစ်က ဆိုပါတယ်။

ချယ်ဆီးအသင်း ဒါရိုက်တာ Marina Granovskaia ကလည်း – “ကျနော်တို့ အနေနဲ့ ဥရောပ အကောင်းဆုံး လူငယ်ကစားသမားတွေထဲ ပါဝင်တဲ့ ခရစ္စတီယန်ကို ခေါ်ယူနိုင်ခဲ့တာ ၀မ်းမြောက်မိပါတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့အရည်အချင်းကို အသက် ၂၀ သာ ရှိသေးပေမယ့် ဂျာမနီမှာ ပြသခဲ့ပြီးပါပြီ။ သူက လာမယ့်နှစ်များမှာ ချယ်ဆီးအသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ဖို့ အလားအလာ အများကြီး ရှိတယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့အနေနဲ့ လာမယ့်နွေ စတန်းဖို့ ဘရစ်ခ်ျမှာ သူ့ကို ကြိုဆိုဖို့ မျှော်လင့်နေပါမယ်။ လက်ကျန်ရာသီကိုတော့ ဒေါ့မွန်နဲ့အတူ အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေလို့ ကျနော်တို့ ဆုတောင်း ပေးလိုက်ပါတယ်” လို့ ကြိုဆို စကားဆိုခဲ့ပါတယ်။

ဒေါ့မွန်အားကစား ဒါရိုက်တာ Michael Zorc ကလည်း ၄င်းတို့ အနေနဲ့ ပူလာဆစ်ကို အသင်းမှာ ဆက်နေဖို့နဲ့ စာချုပ်သစ်အတွက် တိုက်တွန်းခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ရဲ့ အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ ဖြစ်နေတာကြောင့် လက်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။