မန်ယူနိုက်တက်ဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ နယူးကာဆယ်နဲ့ ပွဲမှာ လူကာကူ၊ ရပ်ဖိုဒ့်တို့ရဲ့ သွင်းဂိုးတွေကြောင့် 2-0 နဲ့ အနိုင်ရသွားပါတယ်။ ဆိုးရှားလက်ထက် 4 ပွဲဆက် နိုင်ပွဲဖြစ်ပြီး အဆင့်လေးနေရာက ချယ်ဆီးနဲ့ 6 မှတ်အကွာကို ရောက်လာနေပါပြီ။

အိုးထရက်ဖို့ဒ်မှာ နေရာမရတော့တဲ့ အသက် ၃၃ နှစ်အရွယ် ညာခြမ်းခံစစ်မှူး အက်ရှ်လေယန်းကို အင်တာမီလန်အသင်းက ၂ နှစ်စာချုပ်နဲ့ ခေါ်ယူလိုနေပါတယ်။ ဒီနွေမှာ စာချုပ်ကုန်ဆုံးတော့မယ့် ယန်းကို ယူနိုက်တက်ဘက်က တစ်နှစ် သက်တမ်းတိုး စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က သဘောတူညီမှု မရှိသေးပါဘူး။

ယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်လီကို ဆီဗီလာအသင်းက အငှားနဲ့ ခေါ်ယူဖို့ ကြံရွယ်နေတယ်လို့ စပိန်သတင်းများမှာ ပါရှိလာပါတယ်။ ဘိုင်လီက ယူနိုက်တက်ကိုလာဖို့ ဗီလာရီးရဲလ်ကို စွန့်ခွာခဲ့သူ ဖြစ်ပြီး သူ့အနေနဲ့ လာလီဂါကို ပြန်သွားဖို့ပြဿနာတော့ ရှိမှာ မဟုတ်ကြောင်း သုံးသပ်ဖော်ပြနေကြပါတယ်။

စပါးက နွေမှာ စာချုပ်ကုန်ဆုံးမယ့် ဒမ်ဘီလီကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ဖို့ထက် ဇန်န၀ါရီမှာ ပြောင်းရွှေ့ကြေး တစုံတရာ ရရန် ရောင်းချလိုနေပါတယ်။ ပြီးခဲ့တဲ့နွေကတော့ ဒမ်ဘီလီကို တရုတ်စူပါလိဂ်ကလပ်အသင်းများက ပစ်မှတ်ထားခဲ့ပါတယ်။

အဲရစ်ဆန်ဟာ စပါးအသင်းဆီက စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ရထားပေမယ့် ဆွေးနွေးမှုများ ဆိုင်းငံ့ထားတဲ့အပေါ် အသင်းဘက်က စိုးရိမ်နေပါတယ်။ ကားဒစ်နဲ့ပွဲမှာ သွင်းခဲ့တဲ့ ဂိုးအပါအ၀င် အဲရစ်ဆန်က နောက်ဆုံး ၆ ပွဲမှာ ၄ ဂိုး သွင်းယူထားပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၄င်းရဲ့ စာချုပ်က ၁၈လသာ ကျန်ရှိနေပြီး ၄င်းကို ခေါ်ယူဖို့ စပိန်အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လီဗာပူးလူငယ် တိုက်စစ်မှူး ဆိုလန်ကီကို အငှားခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပါတယ်။ ဆိုလန်ကီဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှာ ကစားခွင့် မရသေးဘဲ ရှိနေသူပါ။ ပဲလေ့စ်မန်န်ေဂျာ ဟော့ဆန်ကတော့ ဆိုလန်ကီကို သူတို့အလိုရှိတာ ကွယ်ဝှက်ထားစရာ မရှိဘူးလို့ ဆိုပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဒီဂျန်လိုဗရန်ကတော့ ၄င်းတို့ဟာ မန်စီးတီးနဲ့ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ပွဲကြိုစကားဆိုသွားပါတယ်။ လိုဗရန်က ၄င်းဟာပွဲအတွက် လန်းဆန်းနေပြီး အသင်းက ကစားသမားတိုင်းကလည်း အသင့်ဖြစ်နေကာ အသင်းအတွက် ကစားလိုနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝါရင့် ကွင်းလယ်ကစားသမား ဂျိမ်းစ်မေနာ ဒဏ်ရာက သက်သာလာနေပြီး အသင်းနဲ့အတူ ထရိန်နင် ပြန်ဆင်းနေပြီဖြစ်လို့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်ကစားနိုင်လိမ့်မယ်လို့ ကလော့ပ်က ပွဲကြိုမှာ အတည်ပြုပြောကြားသွားပါတယ်။

ချယ်ဆီးအသင်းက စိန့်အသင်းကို အိမ်ကွင်းမှာ ဂိုးမရှိ သရေကျတဲ့ပွဲမှာ ဝီလီယမ် ဒဏ်ရာရခဲ့လို့ ဆာရီအတွက် အခက်ကြုံနေပါပြီ။ ဆာရီကတော့ အသင်းဟာ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းနိုင်ဖို့ကို ဖြေရှင်းဖို့ လိုနေပါပြီလို့ ပွဲအပြီး ထုတ်ပြောခဲ့ပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက လူငယ်ကစားသမား အိုဒွိုင်းကို ကစားခွင့်ပေးလိုတဲ့ ပရိသတ်တွေရဲ့ ဆန္ဒကို နားလည်ပေမယ့် စိတ်ရှည်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ် အိုဒွိုင်းဟာ ၄င်းရဲ့ သက်တူတန်းတူတွေထဲမှာ ကစားခွင့်ပိုရနေတဲ့သူ ဖြစ်ပြီး ၄င်း အနေနဲ့ ချယ်ဆီးအသင်း နိုင်ပွဲတွေအတွက်သာ ပိုဦးစားပေး စဉ်းစားရမယ်လို့ ဆာရီက ပြောကြားလိုက်ပါတယ်။

ချယ်ဆီးကစားသမားသစ် ဖြစ်လာတဲ့ ဒေါ့မွန်မှ ပူလာဆစ်ဟာ ၂၀၁၇ တုန်းက Four Four Two နဲ့ အင်တာဗျူး ဖြေကြားစဉ်မှာ လီဗာပူးအသင်းသို့ ပြောင်းဖို့ မစဉ်းစားဖူကြောင်း ဖြေကြားခဲ့ဖူးပါတယ်။ ကလော့ပ်ကို အထင်ကြီးလေးစားပြီး သူကလည်း နွေးထွေးစွာ ကြိုဆိုနေမှာ သိပေမယ့် လီဗာပူးသို့ ပြောင်းဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူကြောင်း ပူလာဆစ်က ဖြေခဲ့တာပါ။ ဒီအပြောင်းအရွှေ့ မဖြစ်မြောက်ခင်က ပူလာဆစ်ကို ခေါ်ယူဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ လီဗာပူးနဲ့ အာဆင်နယ်လည်း ပါဝင်ခဲ့ပါတယ်။

ချယ်ဆီး အသင်းမှ အသက် ၃၃ နှစ်အရွယ် ၀ါရင့် ဗဟိုခံစစ်မှူး ကာဟေးလ်ကို ခေါ်ယူဖို့ အရေးမှာ အာဆင်နယ်အသင်းဘက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် အာဆင်နယ်ထက် ဖူလ်ဟမ်အသင်းက အရေးသာနေတယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းခေါင်းဆောင် ကာဟေးလ်ဟာ ဆာရီရဲ့ မျက်နှာသာပေးခြင်း မခံရဘဲ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲ တစ်ပွဲသာ ကစားထားရပါတယ်။

လီဗာပူးအသင်းကို ဂိုးပြတ်အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပေမယ့် ထိုပွဲဟာ အာဆင်နယ်အသင်းရဲ့ ယုံကြည်မှုကို မထိခိုက်စေခဲ့ကြောင်း အာဆင်နယ် တိုက်စစ်သမား အိုင်ဝိုဘီက ဖူလ်ဟမ်ကို ၄ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီးတဲ့ ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

တူရကီဘက်က သတင်းများအရ အာဆင်နယ်အသင်းဟာ ရိုးမားကစားသမား ဆီဂျစ်အန်ဒါကို ခေါ်ယူဖို့ ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားကို ဘိုင်ယန်၊ ချယ်ဆီး၊ မန်စီးတီးအသင်းတို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်လို့ ရိုးမားဘက်က အလောတကြီး မရောင်းချလိုပါဘူး။

ဖူလ်ဟမ်နဲ့ပွဲမှာ ရသွားတဲ့ မူစတာဖီရဲ့ ဒဏ်ရာက တံကောက်ကြော ဒဏ်ရာ အသေးစားသာ ဖြစ်ပြီး စိုးရိမ်ဖွယ် မရှိကြောင်း နည်းပြ အမ်မရီက အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ် အနားယူရမယ်လို့ ပြောကြားခဲ့တဲ့အတွက် ရက်ပိုင်းအတွင်း ကစားရမယ့် ဘလက်ပူးနဲ့ အက်ဖ်အေဖလား ပွဲစဉ်ကိုတော့ မူစတာဖီ လွဲချော်ဖွယ် ရှိပါတယ်။

မန်စီးတီးလူငယ် တိုက်စစ်သမား ဆာနေးက အသင်းဖော် စတားလင်းဟာ မကြာခင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်သူပါလို့ ထောက်ခံချီးကျူးစကား ဆိုလိုက်ပါတယ်။ စတားလင်းက ဒီရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြနေပြီး အသင်းအတွက် ၁၀ဂိုးသွင်းကာ ၇ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ဒီဘရိုင်းဟာ အသင်းနဲ့အတူ ထရိန်နင် ပြန်ဆင်းနေပြီဖြစ်ပြီး ပြန်လည်သက်သာနေပြီလို့ ဂွာဒီယိုလာက ဆိုပါတယ်။ ၄င်းရဲ့ အခြေအနေကို ပွဲနေ့ မနက်ပိုင်းမှာတော့ စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပြီး လီဗာပူးနွဲ့မှာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ဂွာဒီယိုလာက ပွဲကြိုမှာ ပြောကြားသွားပါတယ်။

ဂွာဒီယိုလာက လီဗာပူးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နေတယ် ဆိုတဲ့ မှတ်ချက်အပေါ် ယာဂင်ကလော့ပ်က ငြင်းဆန်လိုက်ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကသာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ပြန်လည် ချီးကျူးလိုက်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးအသင်း နည်းပြများဟာ တဖက်အသင်းကို ကောင်းတဲ့ချီးကျူးစကားများသာ ဆိုရင်း Soft Mind Game စတင်နေကြတာပါ။